ထုတ်ပြန်ချက်ပေါင်းများစွာနှင့် တရုတ်ခရီးသွားဝင်ရောက်ခွင့်

ထုတ်ပြန်ချက်ပေါင်းများစွာနှင့် တရုတ်ခရီးသွားဝင်ရောက်ခွင့်
Photo - EPA

ဖေဖော်ဝါရီလ ၁၈။            ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် e-Visa နှင့် သံရုံးဗီဇာရှိသူများကို ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ခရီးသွားအေဂျင်စီများ အနေဖြင့် တရုတ်ခရီးသွားဧည့်သည်များအား ယခင်စီစဉ်ထားပြီးဖြစ်သည့် ခရီးစဉ်များအား ဖျက်သိမ်းလိုက်ပါက လျော်ကြေး (သို့မဟုတ်) နစ်နာကြေးပေးဆောင်ရန် ရှိလာ နိုင်သည့်အတွက် အေဂျင်စီများအနေနဲ့ ခရီးသည်များရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက် ရယူပြီး ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပါဝင်သည်။ ဒါ့အပြင် ကိုရိုနာ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိ ပညာ ပေး လုပ်ငန်းများကို ဟိုတယ်ဝန်ထမ်းများထံသို့ ညွှန်ကြားမှုများပြုလုပ်သွားရန် နှင့် လိုအပ်ပါက ဟိုတယ်များတွင် ကျန်းမာရေး စောင့်ရှောက်ကြီးကြပ်မှုများ လုပ်ဆောင်သွားရန်တို့ ပါဝင်သည်။

အဆိုပါ ဆွေးနွေးဆုံးဖြတ်ချက်နဲ့ ပက်သက်၍ ခရီးသွားအေဂျင်စီများထံ ကြေညာချက် အဖြစ် ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ရှင်းပြခဲ့သည်။

“ကျွန်တော်တို့နိုင်ငံကို တရုတ်ခရီးသွားတွေအနေနဲ့ ဆိုက်ရောက်ဗီဇာကိုတော့ ဆိုင်းငံ့ထားတယ်။ ဒါပေမယ့် E-Visa နဲ့ သံရုံးကလျှောက်ပေးတဲ့ ဗီဇာတွေနဲ့ ခရီးသည်တွေကတော့ လောလောဆယ် ဝင်နေတုန်းပါဘဲ။ ဒီလိုဝင်လာတဲ့သူတွေအတွက် ခရီးစဉ်ဆောင်ရွက်ပေးတဲ့ အပေါ်မှာ  ခရီးသွားအေဂျင်စီတွေအနေနဲ့ လျော်ပေးရမယ့် အခြေအနေမှာ ရှိနေတယ်။ ဒါကြောင့် အခုလို ပေးလျော်ရမယ့် အခြေအနေမျိုး မဖြစ်လာအောင် လာမယ့် ခရီးသွားတွေအနေနဲ့ ကျန်းမာရေး အာမခံချက် ယူလာရမယ်လို့ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန က ညွှန်ကြားလာတာပါ” ဟု ပြောခဲ့သည်။

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့  ဝင်ရောက်နိုင်ရန်   တရုတ်နိုင်ငံ ကျန်းမာရေးဌာန မှ အတည်ပြုသည့် ကျန်းမာရေးထောက်ခံချက် ပါရှိရမည့် အပြင် ကိုယ်ရေးအချက်အလက်များ၊ နေထိုင်မည့်လိပ်စာ၊ ဖျားနာမှု မှတ်တမ်း နဲ့ ကျန်းမာရေးအာမခံ တို့ကို လည်း စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါဌာနတိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ထံမှ သိရသည်။

“လက်ရှိမှာ ဆိုက်ရောက်ဗီဇာတွေတော့ ပိတ်ထားတယ်။ စီးပွားရေး ကိစ္စ နဲ့ ခရီးစဉ် တွေအတွက် လာဖို့တော့ ရှိနေတယ်လို့ သိရတယ်။ ဒီအပေါ်မှာ ကျွန်မတို့ ကျန်းမာရေးထောက်ခံစာတွေ၊ လိုအပ်တဲ့ အချက်အလက်တွေ နဲ့ အာမခံ ယူထားပါမယ်။ အကယ်၍ ကူးစက်မှု သံသယရှိ လူနာဖြစ်ခဲ့ရင် စောင့်ကြည့်စစ်ဆေးမှု တွေကို လိုက်နာဆောင်ရွက်ပါမယ်ဆိုတဲ့ သဘောတူညီချက်တွေ ပါပါမယ်။” ဟု ပြောသည်။

Photo - EPA

ယခုကဲ့သို့ ကျန်းမာရေးထောက်ခံချက်ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့်အပေါ် ကမ္ဘာတစ်ဝှမ်းလုံးတွင် ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အပြင် ရောဂါစတင်ဖြစ်ပွားမှု နှင့် ကူးစက်သေဆုံးမှု အများဆုံးဖြစ်နေသည့် တရုတ် နိုင်ငံမှ ခရီးသွားများ အား ဝင်ရောက်ခွင့်မပြုဖို့ အတွက် အဆိုပါ ဆုံးဖြတ်ချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန နဲ့   အမျိုးသားအဆင့် SRT ကော်မတီ တို့မှ Covid-19 ရောဂါအား စိတ်ချရသည့်အခြေအနေဖြစ်ကြောင်း မထုတ်ပြန်သေးခြင်း တရုတ်ခရီးသွားများအား ဧည့်လမ်းညွှန်အဖြစ် ဝန်ဆောင်မှုမပေးရန် မန္တလေးဧည့်လမ်းညွှန်များအသင်းမှ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကန့်ကွက်မှုနဲ့ပက်သက်ပြီး မန္တလေးဧည့်လမ်းညွှန်အသင်းမှ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ကိုဇင်မင်းခိုင် က “ အခုလို ကန့်ကွက်ရခြင်းအကြောင်းက ကျွန်တော်တို့ နိုင်ငံက သူများနိုင်ငံတွေလို ဖွံ့ဖြိုးတဲ့ နိုင်ငံမဟုတ်ဘူး။ ဘယ် လောက်ဘဲ ပြင်ဆင်ထားတယ်ဘဲ ပြောပြောဖြစ်လာခဲ့ရင် ကျွန်တော်တို့က ကသောင်းကနင်းတွေ ဖြစ်ကြမှာလေ။ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေတောင်မှ ဒီရောဂါကို ထိရောက်အောင် မထိန်းချုပ်နိုင်သေးတဲ့အတွက် ဒီလို ဝင်လာမယ့် တရုတ်ခရီးသွားတွေမှာ ရောဂါပိုးက ၂ ပတ်ကြာမှ လက္ခဏာပြတာမျိုးဖြစ်နေလို့ ဝင်လာပြီးမှ ဒီလိုဧည့်သည်တွေ ပါလာရင် ဘယ်လိုလုပ်မလဲ။ ''ဟုပြောသည်။

မန္တလေးဧည့်လမ်းညွှန်အသင်းအနေဖြင့် ဧည့်သည်ဝင်ရောက်မှုကိုလိုချင်ပေမယ့် ရောဂါမထိန်းချုပ်နိုင်သေးသည့်အချိန်ဖြစ်သောကြောင့် ကာကွယ်သောနည်းလမ်းအနေဖြင့် အခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်းပြောသည်။

''သူတို့ပြောတာကတော့ လျော်ကြေးငွေကိစ္စတွေ ရှိလာနိုင်လို့ စာချုပ်ချုပ်ထားတဲ့သူတွေ လျော်ရမယ့်ကိစ္စဖြစ်လာတာနဲ့ ကျွန်တော်တို့ ၅၄သန်းကျော် ရှိနေတဲ့ နိုင်ငံသားတွေရဲ့ အသက်တွေ စတေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကျွန်တော်တို့တွေ အနေနဲ့ကတော့ ကာကွယ်နိုင်တဲ့ဘက်က ကာကွယ်လိုက်တာဘဲ။ တကယ်တမ်း ကျွန်တော်တို့ ဧည့်လမ်းညွှန်တွေက ဧည့်သည်လာမှ ထမင်းစားရတာလေ၊ ပိုဧည့်သည်လိုချင်တာပေါ့။ ဒါပေမယ့် ဒီကိစ္စက ကျွန်တော်တို့ ထမင်းတစ်လုပ်အတွက် နဲ့တော့ မလဲဘူးလေ။ ဒီအတွက် ကိုယ့်တာဝန်ကို ယူပြီးတော့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။” ဟု ပြောကြားခဲ့သည်။

လတ်တလောအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကာကွယ်နိုင် ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီး စဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်း ထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ  သည်ကနေ့နေ့လည်ပိုင်းမှာ အကြံပြုချက်ထုတ်ပြန်လိုက် သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်  တရုတ်နိုင်ငံမှ လေကြောင်းဖြင့် ဝင်ရောက်လာမည့်သူများအား ဆိုက်ရောက်ပြည်ဝင်ခွင့် ဗီဇာ (visa on arrival) ထုတ်ပေးသည့်ကိစ္စများကို ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ ခေတ္တဆိုင်း ငံ့ခဲ့သည်။

 ပုံမှန်အားဖြင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လေယာဉ် ၂၆ စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ပျှမ်းမျှ ခရီးသည် ၂၆၈၀ ဦးခန့် ရှိနေပြီး တရုတ်ခရီးသွားများအနေနဲ့ e-Visa ဖြင့် အများဆုံးဝင်ရောက်ခြင်း ဖြစ်ကာ လက်ရှိတွင် တရုတ်နိုင်ငံ လေကြောင်းလိုင်းများ မှ ကူမင်း၊ ရှန်ဟိုင်း၊ မန်စီ၊ ဟောင်ကောင်၊ ကွမ်ကျိုး နှင့် တိုင်ပေ ခရီးစဉ်များအား ဆက်လက်ပြေးဆွဲနေပြီး အပတ်စဉ် ခရီးသည်များ ဝင်ရောက်လျက် ရှိနေသည်ဟုကျန်း မာရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required