ဗြိတိန်တွင် ဒင်းနစ်စ်မုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး လူတစ်ဦးသေဆုံး

ဗြိတိန်တွင် ဒင်းနစ်စ်မုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး လူတစ်ဦးသေဆုံး

 လန်ဒန်၊ ဖေဖော်ဝါရီ ၁၈  ။                 ။ ဗြိတိန်တွင် တစ်ပတ်အတွင်း ဒုတိယမြောက်အဖြစ် အင်အားပြင်း ဒင်းနစ်စ် မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ယမန်နေ့က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ ( မိုင် ၉၀) နှုန်းဖြင့် တိုက်ခတ်ခဲ့ကာ အချို့နေရာများတွင် ၄၈ နာရီအတွင်း တစ်လအတွင်းမိုးရေချိန်ထက်ပင်ကျော်သွားသောကြောင့် အာဏာပိုင်များက အသက်အန္တရာယ် ရှိသော အရေးပေါ်သတိပေးချက်အဖြစ် ထုတ်ပြန်ခဲ့ရသည်။

အင်္ဂလန်အနောက်ပိုင်း Tenbury Wells မြို့အနီးတွင် အသက် ၅၅ နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး ရေစီးနှင့်အတူမျောပါကာ အသက်ဆုံးရှုံးခဲ့ရသည်။

အင်္ဂလန်ရှိ အိမ်ခြေပေါင်း ၄၀၀ ကျော်ခန့် ရေကြီးမှုဒဏ်ခံခဲ့ရပြီး ကယ်ဆယ်ရေးလုပ်သား အနည်းဆုံး ၁၀၀၀ ခန့်က ရေဘေးသင့်ပြည်သူများကို ကူညီပေးလျက်ရှိကြောင်း Environment Agency မှ အမှုဆောင်အရာရှိချုပ် James Bevan ကပြောသည်။

“ရေကြီးရေလျှံမှုက မပြီးသေးပါဘူး၊ သတိပေးချက်တွေက ရှိနေတုန်းပါ၊ ဒီသီတင်းပတ်လယ်လောက်မှာ မြစ်ကြီးတွေမှာ ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်နိုင်တယ်” ဟု James က ဆိုသည်။

မိုးအကြီးအကျယ်ရွာပြီးနောက် ဝေးလ်တောင်ပိုင်းနှင့်အင်္ဂလန် အနောက်ပိုင်းတို့တွင် ရေကြီးမှုသတိပေးချက်များထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ နေရာအတော်များများ၌လည်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး နိုင်ငံအနောက်မြောက်ပိုင်းရှိ လူဦးရေ ၂၀ ၀၀၀ ခန့်သည် လျှပ်စစ်မီးပြတ်တောက်မှုကြုံတွေ့ခံစားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly