တရုတ်သမ္မတရှီအား လက်လျှော့ရန်ပြောခဲ့သည့် ဥပဒေရေးရာတက်ကြွလှုပ်ရှားသူ အဖမ်းခံရ

တရုတ်သမ္မတရှီအား လက်လျှော့ရန်ပြောခဲ့သည့် ဥပဒေရေးရာတက်ကြွလှုပ်ရှားသူ အဖမ်းခံရ

ဖေဖော်ဝါရီ ၁၈။            ။ ကိုရိုနာကပ်ဘေးအပါအဝင် အရေးပေါ်အခြေအနေကိစ္စရပ်များအပေါ် တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုင်တွယ်လုပ်ဆောင်ပုံများကို ကျေနပ်အားရမှုမရှိ၍ လက်လျှော့ ရန်ပြောဆိုခဲ့ သော အထင်ကရ အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဥပဒေပညာရှင် Xu Zhiyong ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 Xu Zhiyong သည် တရုတ်နိုင်ငံဆိပ်ကမ်းမြို့ဖြစ်သည့် Xiamen ၌ပြုလုပ်သော တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာစုဝေးပွဲသို့ တက်ရောက်ပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ထိုအရေးတွင် ပါဝင် လှုပ်ရှားလာခဲ့သည်ဟု Xu ၏ သူငယ်ချင်းဖြစ်သူ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် Hua Ze ကပြောသည်။ အဆိုပါစုဝေးပွဲသို့ တက်ရောက်ခဲ့သူ အခြားလေးဦးလည်း အဖမ်းခံခဲ့ကြရသည်ဟုဆိုသည်။

ဘေကျင်းရဲများသည် ကွမ်ကျိုးရဲများ၏အကူအညီဖြင့် Xu ကို ဖေဖော်ဝါရီ ၁၅ ရက်က ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။ အမေရိကန်အခြေစိုက် တရုတ်လူ့အခွင့် အရေးစောင့်ကြည့်သူများအဖွဲ့မှ Yaqiu Wang  ၏ ပြောကြားချက်အရ ဘေကျင်းတွင်နေထိုင်သည့်  Xu ၏ ချစ်သူမှာလည်း ထိုနေ့မှစ၍ Xu ကို အဆက်အသွယ်မရတော့ဟုဆိုသည်။

တရားရေးရာနှင့်ဥပဒေရေးပြုပြင်ပြောင်းလဲရေးအတွက် ကာလရှည်ကြာ လှုပ်ရှားခဲ့သည့် Xu သည် ၂၀၁၂ ခုနှစ်က အရပ်သားအခွင့်အရေးလှုပ်ရှားသူများဖြင့်ဖွဲ့စည်းထားသည့် New Citizens Movement အဖွဲ့ကို ထူထောင် ခဲ့ပြီး အစိုးရအရာရှိများအား ၎င်းတို့၏ချမ်းသာကြွယ်ဝမှုများကို ချပြရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့အဖွဲ့အစည်းနှင့်လုပ်ဆောင်ခဲ့သည့်အတွက် Xu သည်  ၂၀၁၄ ခုနှစ်က ထောင်ဒဏ် ၄ နှစ်ချမှတ် ခံခဲ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ Xu သည် လူပေါင်းများစွာ သေဆုံးမှုဖြစ်ပေါ်စေလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် ဘေကျင်းအစိုးရ၏ ကိုင်တွယ်ပုံကို ဝေဖန်သော ဆောင်းပါးများစွာ ရေးသားခဲ့သည်။

တရုတ်နိုင်ငံ၏ပိတ်ပင်တားမြစ်ခြင်းကိုခံထားရသော New Citizens Movement ပိုင် ဝက်ဘ်ဆိုက်တစ်ခုတွင် ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည့် ဆောင်းပါးတစ်ပုဒ်၌ Xu က ဟောင်ကောင်၏ အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုများမှစ၍ ကိုရိုနာကူးစက်ရောဂါကိစ္စအထိ သမ္မတရှီ၏ ကိုင်တွယ်ဆောင်ရွက်ပုံများကို ဝေဖန်ရေးသားခဲ့ပြီး ရှီအား ရာထူးမှနုတ်ထွက်ရန် ပြောဆိုခဲ့သည်။

“ဆေးပစ္စည်းကိရိယာတွေလည်း မလုံလောက်ဘူး၊ ဆေးရုံမှာ လူတွေက ပြည့်ကျပ်နေပြီးတော့ ကူးစက်ခံထားရတဲ့လူအတော်များများက အတည်ပြုချက် မရနိုင်ဘဲဖြစ်နေကြတယ်၊ ခင်ဗျားကိုယ်တိုင် ညွှန်ကြားထားတယ်ပြောပြီး အခြေအနေက ပရမ်းပတာတွေဖြစ်နေတာ၊ မစ္စတာ ရှီကျင့်ဖျင်ရေ လက်လျှော့လိုက်ပါတော့” ဟု Xu က ဆောင်းပါးတွင် ရေးသားခဲ့သည်။

ဝူဟန်မြို့မှစတင်ခဲ့သည့် COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားမှုအကြောင်း တရုတ်မီဒီယာများ၏ သတင်းထုတ်ပြန်မှုအပေါ် တားမြစ်ပိတ်ပင်ခြင်းများနှင့် ရောဂါထိန်းချုပ်ရန် အဝင်အထွက်ပိတ်ဆို့မှု တင်းကျပ်ခြင်းများကိုလည်း Xu က ဝေဖန်ရှုတ်ချခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly