Posco International မှ မြန်မာ့ကမ်းလွန်၌ သဘာဝဓာတ်ငွေ့တွင်းသစ် ရှာဖွေတွေ့ရှိ

By The Korea Herald/ Jo He-rim
18 February 2020
Posco International မှ မြန်မာ့ကမ်းလွန်၌ သဘာဝဓာတ်ငွေ့တွင်းသစ် ရှာဖွေတွေ့ရှိ
Photo: Posco International

ဖေဖော်ဝါရီ ၁၈

ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် Posco International သည် မြန်မာ့ကမ်းလွန်၌ သဘာဝဓာတ်ငွေ့ထွက်ရှိသည့် နေရာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့ ကုမ္ပဏီအတွက် ပုံမှန်ဝင်ငွေရရှိစေမည့် လုပ်ငန်းအဖြစ် မျှော်လင့်ထားသည်။

Posco International သည် ၎င်းတို့၏ မဟာသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ဇန်နဝါရီ ၁၂ ရက်က ပင်လယ်ရေအောက်တူးဖော်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ရေအနက် ၁၀၀၀ မီတာအကျော် ပင်လယ်ကြမ်းပြင်အောက် ၂၅၉၈ မီတာအထိ စမ်းသပ်တူးဖော်ခဲ့ကြပြီးနောက် အဆိုပါတွင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး  တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်မှစ၍ ၎င်းတွင်းကို တူးဖော်ကာ အကဲဖြတ်မှုများ လုပ်ဆောင်သွားရန်စီစဉ်ထားသည်။ အချိန် (၂) နှစ်ကြာ အချက်အလက်များကို လေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့နေရာသစ်ကို စီးပွားဖြစ် အသုံးပြုနိုင်ရန်အတွက် အသေးစိတ်စီမံချက်များ ချမှတ်သွားမည်ဟု ဆိုသည်။

Posco သည် မဟာစီမံကိန်း၏အရှေ့တောင်ဘက် ၂၄ ကီလိုမီတာအကွာရှိ အောင်မြင် လုပ်ကွက်တွင်လည်း အခြားစီမံကိန်းတစ်ခုကို လုပ်ဆောင်လျက်ရှိသည်။

ကိုရီးယား စတီးနှင့် သံမဏိလုပ်ငန်း Posco ၏ အခွဲတစ်ခုဖြစ်သည့် Posco International သည် အရှေ့တောင်အာရှနိုင်ငံများတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းများမှလည်း စီးပွားရေးအကျိုးအမြတ်များရရန် လုပ်ဆောင်လျက်ရှိသည်။

လက်ရှိအချိန်တွင် Posco International ကုမ္ပဏီအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုဖြစ်သည့် ရွှေနှင့်မြမှ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရောင်းချလျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီအတွက် အမြင့်မားဆုံး အကျိုးအမြတ်အဖြစ် အမေရိကန်ဒေါ်လာ (၅၁၁ ဒဿမ ၉ သန်း) ရရှိခဲ့သည်။

သဘာဝဓာတ်ငွေ့တွင်းသစ်ရှာဖွေတွေ့ရှိမှုသည် Posco International ၏ စူးစမ်းတူးဖော်မှုစွမ်းဆောင်ရည်ကို ပြသနိုင်လိုက်ခြင်းပင်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် နောက်ထပ်ခြေလှမ်းသစ်လှမ်းရန် ကုမ္ပဏီအား အင်အားတစ်ရပ်ဖြစ်စေမည်ဖြစ်ကြောင်း Posco International မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly