ကိုရီးယားကျွန်းဆွယ်တွင် USAသင်္ဘောအနီး ပျံသန်းလာသော ရုရှားစစ်လေယာဉ်ကို ကြားဖြတ်ဟန့်တား

ကိုရီးယားကျွန်းဆွယ်တွင် USAသင်္ဘောအနီး ပျံသန်းလာသော ရုရှားစစ်လေယာဉ်ကို ကြားဖြတ်ဟန့်တား

ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ။           ။ ကိုရီးယား ကျွန်းဆွယ်ကမ်းလွန်တွင် မောင်းနှင်နေသော အမေရိကန်လေယာဉ်တင်သင်္ဘာတစ်စင်းအနီးသို့ ပျံသန်းလာသော ရုရှားစစ်လေယာဉ်နှစ်စီးကို   တောင်ကိုရီးယားနှင့် အမေရိကန်ဂျက်တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တားခဲ့သည်ဟု အရာရှိများက အောက်တိုဘာ ၂၉ တွင် ပြောကြားခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး ကြီးမားသည့် အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan သည် တောင်ကိုရီးယားစစ်သားများနှင့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေစဉ် ရုရှား Tu-142 Bear စစ်လေယာဉ်နှစ်စင်းက သင်္ဘောကိုဖြတ်၍ ပျံသန်းခဲ့သည်ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အန်းနက်က ပြောသည်။

"အဲဒီရုရှားလေယာဉ်တွေကို ပထမတော့ ဒေသတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုရီးယားစစ်လေယာဉ်က ဟန့်တားခဲ့ပါတယ်"ဟု အန်းနက်ကပြောသည်။ ထို့နောက် အမေရိကန်၏ F/A-18   လေယာဉ်လေးစင်းပါ လိုက်ပါဟန့်တားခဲ့သည်ဆိုသည်။

ဂျပန်ပင်လယ်တွင် ဖြစ်ပျက်ခဲ့သော ယင်းအဖြတ်အပျက်ကို အန်းနက်က အလေးအနက်မဟုတ်သကဲ့သို့ ပြောကြားခဲ့ပြီး အထူးတလည် ခြိမ်းခြောက်သည့် ထိပ်တိုက်တွေ့ဆုံမှု မဟုတ်ဟု ပြောကြားခဲ့ပြီး   လေယာဉ်တင်သင်္ဘောမှာ ထိုစဉ်က နိုင်ငံတကာရေပိုင်နက်တွင် ရှိနေခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၇က ရုရှား၏ Tu-142 Bear လေယာဉ်နှစ်စင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀အမြင့်တွင် လေယာဉ်တင်သင်္ဘောနှင့် တစ်မိုင်ခန့်အကွာမှ ဖြတ်၍ပျံသန်းခဲ့သည်ဟု ပင်တဂွန်ပြောခွင့်ရ ဗိုလ်ကြီး ဂျက်ဒေးဗစ်က ပြောသည်။

ရုရှားလေယာဉ်များက တိုက်ရိုက်ခြိမ်းခြောက်သည့် အထောက်အထားမတွေ့ရဟုလည်း ၎င်းကပြောသည်။ Tu-142 Bears လေယာဉ်များမှာ အဓိကအားဖြင့် ထောက်လှမ်းရေးနှင့်   ရေငုပ်သင်္ဘောချေမှုန်းရေးလေယာဉ်များဖြစ်သည်။

လေယာဉ်တင်သင်္ဘောမှ F/A-18 လေယာဉ်လေစင်းမှာ ရုရှားလေယာဉ်များကို ကြားဖြတ်ဟန့်တားရန်နှင့် လိုက်လံစောင့်ကြည့်ရန် အရေးပေါ်ပျံတက်စေခဲ့သည်ဟု ၎င်းကပြောသည်။  

လေယာဉ်တင်သင်္ဘောနှင့် လိုက်ပါလာသော အမေရိကန်သင်္ဘောတစ်စင်းမှ ရေဒီယိုဖြင့် အချက်ပြဆက်သွယ်ခဲ့သော်လည်း ပြန်ကြားမှုကို မရရှိခဲ့ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly