ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်သုံးဦးကို ထောင်ဒဏ် (၆)လစီ ချမှတ်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်သုံးဦးကို ထောင်ဒဏ် (၆)လစီ ချမှတ်

ဖေဖော်ဝါရီ ၁၇ ။                   ။ တပ်မတော်ကနေ တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနှစ်ဦးအနက် သုံးဦးကို ဖေဖော်ဝါရီ ၁၇ရက်နေ့ ရုံးချိန်းမှာ ဗိုလ်တထောင်တရားရုံးက ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။

ပုဒ်မ - ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော သံချပ်ခေါင်းဆောင် ၇ဦးအနက် ပိုင်ဖြိုးမင်း၊ ကေခိုင်ထွန်း၊ ဆုရတနာမြင့်တို့  ၃ဦးကိုသာ ထောင်ဒဏ် ၆လ ချမှတ်ခဲ့ပြီး ကျန်(၄)ဦးကိုမူ  အမှုမှ တရားသေ လွှတ် ခဲ့သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို သံချပ်ထိုးခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၆(ဃ)တို့ဖြင့် တပ်မတော်မှ ဒုတိယဗိုလ်မှူး ကြီး များက တရားလို ပြုလုပ်ကာ မြို့နယ်အသီးသီးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က “နယ်မြေတစ်ခုမှာ ကျွန်တော်တို့က ဒီသံချပ်ကိုပဲ အားလုံးက ပုံစံတူ ထိုးခဲ့ကြတာ အဲ့တာကို တရားရုံးတွေအများကြီး နယ်မြေအများကြီးမှာ ခွဲစွဲတဲ့ကိစ္စက ကျွန်တော်တို့ကို အညှိးတစ်ခုခုနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်တာပါ”ဟု ပြောသည်။

သည်ကနေ့ ချမှတ်သည့် စီရင်ချက်မှာ ပိုင်ဖြိုးမင်း၊ ကေခိုင်ထွန်း၊ ဆုရတနာမြင့်တို့သည် ယင်းတို့၏ ဖေ့ဘုတ်အကောင့်များမှ  သံချပ်ထိုးသည့် ဗီဒီယိုဖိုင်များကို ပြန်လည်မျှဝေခဲ့ခြင်းကြောင့် ပြစ်မှုထင်ရှား သဖြင့် ထောင်ဒဏ် ၆လ ချမှတ်ခဲ့သည်ဟု တရားသူကြီးက ဆိုသည်။

ပုဒ်မ - ၆၆(ဃ)ကို ပြည်သူများက ဖျက်သိမ်းသင့်သည့် ပုဒ်မဟု တောင်းဆိုကြသော်လည်း အသက်ဝင်နေဆဲဖြစ်သောကြောင့် လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်မရှိပါက ဒီမိုကရေစီသည် သက်ဆိုးရှည်မည် မဟုတ်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖြဲ႔ေါင်းဆောင်တစ်ဦးဖြစ်သည့် မဆုရတနာမြင့်က ပြောသည်။

“တူညီတဲ့အဖွဲ့အစည်းတစ်ခုကပဲ ကျွန်မတို့အဖွဲ့ကို တရားစွဲဆိုတယ်။ သက်သေခံတွေ တင်တာလည်း အတူတူပဲ အဲ့တာကို မရမ်းကုန်းမှာလည်း စွဲတယ် ဗိုလ်တထောင်မှာလည်း စွဲတယ် မရမ်းကုန်းမှာလည်း ပုဒ်မ ၆၆(ဃ)နဲ့ ၆လကျပြီးပြီ အခုလည်း ထပ်ကျတယ်။ အဲ့တော့ ဒီလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးဆိုရင် ဒီမိုကရေစီဟာလည်း သက်ဆိုးရှည်မှာ မဟုတ်ဘူး”ဟု မဆုရတနာမြင့်က ဆိုသည်။
 
လက်ရှိ တရားစွဲဆိုထားသည့် အမှု(၈)မှုအနက် ၄မှုကို တရားရုံးက ဆုံးဖြတ်ထားပြီး ဖြစ်ကာ အများဆုံး ထောင်ဒဏ်၃နှစ်မှ အနည်းဆုံး ထောင်ဒဏ် ၂နှစ်စီ ကျခံရမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ၊ ဖျာပုံ၊ မအူပင်၊ ပုသိမ်မြို့နယ်တို့တွင်လည်း ၂၀၁၉ခုနှစ်အတွင်း တပ်မတော်က စွဲဆိုထားသည့် အမှု ၄မှုကိုလည်း ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်များ အနေဖြင့် ရင်ဆိုင်ရဦးမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly