တပ်မတော်နှင့် AA တို့ တိုက်ပွဲကြောင့် ပလက်ဝတွင် စားနပ်ရိက္ခာပြတ်လပ်

တပ်မတော်နှင့် AA တို့ တိုက်ပွဲကြောင့် ပလက်ဝတွင် စားနပ်ရိက္ခာပြတ်လပ်

 ဖေဖော်ဝါရီ ၁၇။                  ။  တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့ကြား ၁၀ ရက်ကျော်ကြာ တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း စက်လှေလိုင်းများ ရပ်ဆိုင်းထားရပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီးချောင်း တံတားအနီးနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်(ဝက်မကျ ကျေးရွာနှင့် တင်းမရွာအကြား)တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဆန်းပိုင်းကတည်းက တပ်  မတော်နှင့် AA ကြား  တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)မှ အချက်အလက် ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရက “ပလက်ဝနဲ့ ကျောက်တော်ကြားမှာ လမ်းကြောင်းက ပိတ်တယ်။ ရေကြောင်းရော ကုန်းကြောင်းရော ပိတ်တာ ၁၀ ရက် ကျော်ပြီ အဲ့တာကြောင့် စားနပ်ရိက္ခာလည်း ပြတ်တယ်” ဟု ပြောသည်။

အဆိုပါ စားနပ်ရိက္ခာ အခက်အခဲကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အစိုးရ၏ အရံဆန်များအပြင် တပ်မတော် အရံဆန်များကိုပါ ဖြန့်ဝေပေးနေကြောင်း၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး တာဝန် ရှိသူ များ မှတဆင့် အရံ ဆန်များကို ဖြန့်ဝေပေးထားကြောင်း၊ တိုက်ပွဲများ မရပ်သေးပါက ပလက်ဝမြို့နယ်အတွင်း စားနပ်ရိက္ခာ တင်ပို့ ရန် မဖြစ်နိုင်သေးကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဆို သည်။

“ ကျောက်တော်ဘက်ကပဲ စက်လှေနဲ့ သယ်မှ အဆင်ပြေမယ့် ကိစ္စပေါ့။ အဲ့ဒီလမ်းကြောင်းပဲ ရှိတယ်၊ လောလောဆယ်က ကျန်တဲ့ လမ်းကြောင်းကနေ သယ်ဖို့ အဆင်မပြေသေးဘူး” ဟု ၎င်းက ဆိုသည်။
ပလက်ဝ ဒေသအတွင်း နေထိုင်သူများသည် အခြေခံ စားသောက်ကုန်များ ဖြစ်ကြသည့် ဆန်နှင့် တခြား ရိက္ခာ များကို ကုလားတန်မြစ်ကြောင်းကို အသုံးပြုကာ ရေလမ်းကြောင်းက တဆင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ တဆင့် ပလက်ဝမြို့နယ်အတွင်းသို့ အဓိက တင်သွင်းနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပလက်ဝမြို့အတွင်း ပုံမှန်ရောင်းချနေသည့် ဆိုင်များတွင်လည်း ဆန်များ ပြတ်လပ်နေပြီး အစိုးရမှ ပေးသည့် အရံဆန်ကိုပင် ဈေးနူန်း ကြီးမြင့်ပေး၍ ဝယ်ယူနေရကြောင်းလည်း အမည် မ ဖော်လိုသူ ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

“ အနည်းဆုံး ဈေးပေါ့ အရင်တုန်းက တစ်အိတ်ကို ၂၀၀၀၀ ရောင်းတဲ့ဆန်ကို အခု ၂၈၀၀၀၊ ၃၀၀၀၀ ထိ ဈေးတက်တယ်။ အရင်တုန်းက သူတို့ သိုလှောင်ထားတာပေါ့၊ အဲ့ဒီ သိုလှောင်ထားတဲ့ အထဲကပဲ ဖြန့်ဝေပေး တာပေါ့။ အဲ့တာလည်းပဲ မကြာခင် ကုန်တော့မယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲမှာ ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကြား ဖေဖော်ဝါရီ ၆ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ယနေ့ဆိုလျှင် ၁၂ ရက်အတွင်းသို့ပင် ရောက်ရှိနေပြီး ဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ စစ်အင်အားများ ထပ်ဖြည့်နေကြောင်း AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“ အဲ့ဒီမှာ သူတို့ဘက်က လာလိုက် ဒီဘက်ကလည်း ဖြတ်တောက်လိုက်နဲ့ တိုက်ပွဲတွေကတော့ နေရာအနှံ့ ဖြစ်နေတာပေါ့။ တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဆက်ပြီးတော့ ပြင်းထန်နေတာပေါ့။ နှစ်ဖက် အပြန်အလှန် ထိုးစစ်တွေကလည်း ဆက်တိုက် ရှိနေတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ပလက်ဝ- ကျောက်တော် ပြေးဆွဲနေသော စက်လှေလိုင်းများ ရပ်ဆိုင်းထားရပြီး၊ စက်လှေလိုင်း ရပ်ဆိုင်းထားခြင်းကြောင့် ပလက်ဝမြို့နှင့် ဝေးသည့် ကျေးရွာများတွင်လည်း ဆန်ဈေးနှုန်းများ ထက်ဝက်ခန့် တက်နေကြောင်း ပလက်ဝမြို့ ဒေသခံများက ပြောသည်။

ပလက်ဝ ဒေသခံ ဦးဟွန့်ခိုင်က “ ဆန်သာမက၊ ရေ၊ ငါးခြောက်၊ ငပိ အကုန်လုံး ကျွန်တော်တို့ အဆင်မပြေ တော့ဘူး။ ဒီလိုပုံဆိုတော့ ဘယ်လို ဆက်ပြီး နေရမလည်းမသိတော့၊ သက်ဆိုင်ရာ အစိုးရက လမ်းပွင့်အောင် နည်းလမ်းတစ်ခုခု ထိထိ ရောက် ရောက် စဉ်းစားပေး စေချင်တယ်”ဟု ပြောသည်။

ထို့အပြင် မြို့အတွင်း ကုန်စည် စီးဆင်းမှု မရှိတာကြောင့် ဒီဇယ်ဆီ လျော့နည်းလာပြီး ပုံမှန်ပေးနေသည့် လျှပ်စစ်မီးမှာလည်း တစ်နာရီလျော့ကာ ပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ပလက်ဝမြို့နယ်တွင် ချင်း၊ ရခိုင်၊ ဗမာ တိုင်းရင်းသား အများစု နေထိုင်ကာ လူဦးရေ ၁ သိန်းကျော် ရှိပြီး တောင်ယာလုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly