ကွန်ဂိုမှာ ယာဉ်မတော်တဆမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ကွန်ဂိုမှာ ယာဉ်မတော်တဆမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၁၇ ။                ။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော် ကင်ရှာဆာမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်က လော်ရီကားတစ်စီးက အခြား ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့ မိမှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး အခြား လူအယောက် ၃၀ ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ လော်ရီကားက ဘရိတ်ပေါက်ပြီး တက္ကစီတစ်စီးအပါအဝင် အခြားကားတွေနဲ့ လမ်းသွားလာသူတွေကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း ကင်ရှာဆာ အများပြည်သူ ဘေးကင်းရေးဌာန အကြီးအကဲ မီဂွယ်လ် ဘာဂါယာက အေအက်ဖ်ပီကို ပြောပါတယ်။

“ ခုချိန်ထိတော့ လူ ၁၄ ယောက် သေပါတယ်၊ အခြား လူတော်တော်များများလည်း ဒဏ်ရာတွေ ရသွားပါတယ်” လို့ ကွန်ဂို ကျန်းမာရေးဝန်ကြီး အီတန်နီ လုန်ဂိုဒိုက ပြောသွားပါတယ်။

“ အစိုးရတာဝန်ရှိသူတွေလည်း ဒီမတော်တဆမှု ဖြစ်တဲ့ နေရာမှာ ရောက်နေပါပြီ၊ ဒဏ်ရာရသူတွေကို သေချာ ဂရုတစိုက် လုပ်ကိုင်ပေးနေပါတယ်၊ အားလုံး ရသင့်ရထိုက်တဲ့ ခံစားခွင့် ရစေဖို့ ကျွန်တော်တို့ အာမခံပါတယ်” ဆိုပြီး လုန်ဂိုဒိုက ပြောသွားပါတယ်။

ယင်းနိုင်ငံမှာတော့ ခုလို မတော်တဆမှု ဖြစ်စဉ်တွေမှာ အာဏာပိုင်တွေဘက်က တုန့်ပြန်လုပ်ဆောင်ပေးမှုပိုင်း အားနည်းတယ်ဆိုပြီး မကြာခဏ စွပ်စွဲမှုတွေ ထွက်ပေါ်ထားခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ ခုလို မတော်တဆမှုဖြစ်စဉ်တွေ ထပ်မဖြစ်အောင်လို့ ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အရေးယူလုပ်ဆောင်မှုတွေ အစိုးရဘက်က ချမှတ်လုပ်ဆောင်သွားမယ်ဆိုပြီး ကွန်ဂို ပြည်ထဲရေးဝန်ကြီး ဂီလ်ဘာ့ဂ် ကန်ကွန်ဒီကလည်း ပြောဆိုသွားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly