လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ

လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နွေဦးနဲ့ ဆောင်းဦးရာသီတွေက ဝေးလံတဲ့ နိုင်ငံတွေကို အလည်အပတ်ခရီးသွားဖို့ အကောင်းဆုံးအချိန်ပဲနော်။ အကယ်လို့ ကိုယ်က အိမ်နီးချင်းနိုင်ငံတွေမဟုတ်ဘဲ အနောက်နိုင်ငံတွေလို မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာတွေကို သွားလည်မှာဆိုရင်တော့ လေယာဉ်စီးတဲ့အချိန်က ပုံမှန်ထက် တော်တော်ကြာနိုင်တယ်နော်။ ဒါကြောင့် လေယာဉ်အကြာကြီး စီးရတော့မယ့် ခရီးသည်တွေ ခရီးစဉ်တစ်လျှောက်လုံး သက်တောင့်သက်သာဖြစ်စေဖို့ ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်ရအောင်။

၁။ ဝတ်မယ့်အဝတ်အစားတွေကို သေချာရွေးပါ။

ကိုယ်က နာရီအကြာကြီး လေယာဉ်စီးရမယ်ဆိုရင် အဝတ်လဲဖို့ အခြေအနေက ပေးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဝတ်ထားတဲ့အဝတ်က ကိုယ့်အတွက် ပူနေခြင်း၊ အိုက်နေခြင်း၊ ကြပ်ထုတ်နေခြင်း မရှိဘဲ သက်တောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါး ချည်သားအကျီတွေ၊ ဒူးဖုံးဘောင်းဘီ၊ စကပ်ရှည်တွေကို ဝတ်ဆင်ပါ။ ဂျင်းဘောင်းဘီအကျပ်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ လက်ဝတ်ရတနာတွေကို ခရီးသွားအိတ်ထဲ ထည့်သိမ်းထားပါ။ နာရီလောက်ပဲ ပတ်ထားရင် ပိုကောင်းပါတယ်။

၂။ ထိုင်မယ့်နေရာကို သေချာရွေးပါ။

ခရီးသွားမယ့်နေ့မှာ လေဆိပ်ကို အနည်းဆုံး ၁-၂နာရီလောက် စောသွားပြီး လေယာဉ်ထိုင်ခုံကို ရွေးထားပါ။ ကိုယ်က ခရီးစဉ်တစ်လျှောက်လုံး အိပ်နေမှာဆိုရင် သိပ်ပြဿနာမရှိပေမဲ့ အကြာကြီးမအိပ်တတ်တဲ့ သူတွေအတွက်တော့ ထိုင်ခုံရွေးဖို့ လိုပါတယ်။

• ခြေထောက်နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း လိုချင်ရင် အရေးပေါ် ထွက်ပေါက်နားက ထိုင်ခုံတွေကို ရွေးချယ်ပါ
• ငိုနေတဲ့ ကလေးအသံတွေ နားမခံနိုင်ရင် ရှေ့ဆုံးခုံတန်းနဲ့ ဝေးရာမှာ ထိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကလေးနဲ့အတူလေယာဉ်စီးမယ့် သူတွေဟာ များသောအားဖြင့် လေယာဉ်ရှေ့ဆုံးတန်းမှာ ပိုထိုင်တတ်ကြလို့ပါ
• အိမ်သာတက်ဖို့၊ ထသွားထလာလုပ်ဖို့ လွယ်လွယ်ကူကူဖြစ်ချင်ရင် လူသွားလမ်းနဲ့ ကပ်လျက်ခုံမှာ ထိုင်ပါ
• ၂နာရီလောက်ပဲ စီးမယ့် လေယာဉ်ခရီးစဉ်အတွက် ပြတင်းပေါက်ခုံယူတာ အဆင်ပြေပေမယ့် နာရီအကြာကြီး စီးရမယ့်သူတွေဆိုရင် ပြတင်းပေါက်နား မထိုင်တာ ပိုကောင်းမှာပါ

၃။ လိုတဲ့ပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားပါ။

ကိုယ့်အတွက် မပါမဖြစ် ဘယ်သွားသွား လိုအပ်တဲ့ ပစ္စည်းတွေရှိတယ်ဆိုရင် ကိုယ့်လက်လှမ်းမှီတဲ့ နေရာမှာပဲ ထားထားသင့်ပါတယ်။ ရေသန့်ဘူး၊ နားကျပ်၊ ဖုန်းတွေ၊ အိပ်မယ့်သူတွေ ဇက်နာတာ သက်သာစေမယ့် နောက်မှီခေါင်းအုံးအသေးလေးတွေ၊ စောင်အပါးလေးတွေ၊ လေယာဉ်မူးတတ်တယ်ဆိုရင် အမူးပျောက်ဆေး၊ လေဆေး၊ အစာကြေဆေးတွေ ဆောင်ထားပေးပါ။

၄။ လှုပ်လှုပ်ရှားရှားနေပေးပါ။

နာရီကို ဆယ်နဲ့ချီပြီး ထိုင်နေရရင် လူက ထိုင်းမှိုင်းလေးလံပြီး ခေါင်းမူးခေါင်းကိုက်တာ၊ လေယာဉ်မူးတာ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နာရီခြား တစ်ခါလောက် အပေါ့အလေးထသွားတာ၊ လမ်းလျှောက်တာ၊ အကြောအချဉ်ဆန့််တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။

၅။ ရေသောက်ဖို့ မမေ့ပါနဲ့။

လေယာဉ်အတွင်းက လေထုက အေးမြခြောက်သွေ့တဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုပိုများနိုင်ပါတယ်။ ကိုယ်က ဆီးထသွားရမှာ ပျင်းလို့ဆိုပြီး ရေမသောက်ဘဲ နေရင် ပိုဆိုးနိုင်တာပေါ့။ ဒါကြောင့် ရေမဆာရင်တောင် အာစွတ်ရုံလေး သောက်ပေးသင့်ပါတယ်။ ရေကို အနည်းဆုံး ၁လီတာ၊ ၂လီတာလောက် ကုန်အောင်တော့ သောက်ပေးပါ။ ဆီးထသွားဖို့ မပျင်းပါနဲ့။

၆။ skincare ကို ရိုးရိုးရှင်းရှင်းလုပ်ပေးပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ လေထုက အေးမြခြောက်သွေ့တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်သာမက အရေပြားရဲ့ အစိုဓာတ်ပါ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ၊ ကိုယ်လိမ်း လိုးရှင်း (Body Lotion) တွေ လိမ်းပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်လည်း Sheet Mask တစ်ခု ကပ်ရင်း မျက်လုံးမှိတ် အနားယူတာမျိုး လုပ်ပေးလို့ရပါတယ်။

၇။ ဘေးက လူတွေနဲ့ စကားပြောကြည့်ပါ။

အချိန်အကြာကြီး လေယာဉ်စီးရတာ ပျင်းစရာကောင်းမယ့်အတူတူ ကိုယ့်ဘေးမှာ ရှိတဲ့သူတွေနဲ့ စကားပြောရင်း ရင်းရင်းနှီးနှီး နေပေးတာက ပိုမကောင်းဘူးလား။ ဝါသနာတူ၊ ကိုယ်နဲ့လည်း ပေါင်းသင်းလို့၊ စကားပြောလို့ အဆင်ပြေရင် မိတ်ဆွေတစ်ယောက်တိုးတာပေါ့။

၈။ အစားအစာတွေကို ဗိုက်တင်းနေအောင် မစားပါနဲ့။

ခရီးမသွားခင်ညနဲ့ သွားမယ့် မနက်ပိုင်းမှာ ထမင်းတွေ၊ အဆီတွေ၊ အကြော်အလှော်နဲ့ အစပ်တွေကို ဗိုက်တင်းပြီး အီနေအောင် မစားပါနဲ့။ ပေါ့ပေါ့ပါးပါး အစာကြေလွယ်စေဖို့ ပေါင်မုန့်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ လိမ္မော်ရည်လောက်ပဲ သောက်ပေးပါ။ နာရီတွေအကြာကြီး လေယာဉ်ပေါ်မှာ နေနေရမှာဆိုတော့ ကိုယ့်ဗိုက်ကို တတ်နိုင်သလောက် ဝန်မပိစေဖို့ အရေးကြီးပါတယ်။

မကြာခင်မှာ ခရီးသွားတော့မယ့် ခရီးသွားပြည်သူအားလုံးလည်း ပျော်စရာ ခရီးစဉ်လေးတစ်ခု ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly