ဝူဟန်ပြန် ကျောင်းသား/သူများ နေရပ်သို့ ပြန်ခွင့်ရပြီ

ဖေဖော်ဝါရီ ၁၆ ။              ။ မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံမှာ ၂ ပတ်ကြာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသည့်  ဝူဟန်ပြန် ကျောင်းသား/ကျောင်းသူ ၅၉ ဦး စလုံးကို ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်)မှာ နေရပ် အသီးသီးသို့ ပြန်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

“ဒီနေ့ ဆိုရင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညမှာဘဲ စောင့်ကြည့်စစ်ဆေးမှု ကာလ ၁၄ ရက်တာ ပြည့်သွားပြီးဖြစ်လို့ ပြန်ခွင့် ပြုလိုက်ပြီ ဖြစ် ပါတယ်။ အခုလို ဒီမှာနေထိုင်ရတာ အဆင်ပြေပြီး ကျန်းမာရေးလည်း ကောင်းမွန်စွာနဲ့ ပြန်ခွင့်ရတဲ့အပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ရော၊ မန္တလေးတိုင်း အနေနဲ့ရော အမှတ်တရဖြစ်နေပြီး ဂုဏ်ယူမိပါတယ်”  ဟု ပြောသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်မှ နေရပ်ပြန် ကျောင်းသား/ သူများထံ အမှတ်တရ လက်ဆောင်များပေးအပ်စဉ်
အဆိုပါ ကျောင်းသူ/ကျောင်းသားများသည် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလျက်ရှိသည့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ မှ ပြန်လာခဲ့ပြီး မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံမှာ ၂ ပတ်ကြာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူပြီးသည့်နောက် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့ ရှိခဲ့သည့်အတွက် နေရပ် အသီးသီးသို့ ပြန်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဝူဟန်ပြန် ကျောင်းသူ တစ်ဦးဖြစ်သည့် မအိအိရွှေက “အရမ်းပျော်မိတယ်။ ဘယ်လို ပြောရမှန်း မသိအောင်ကို ခံစားမိပါ တယ်။ ကျွန်မတို့ နိုင်ငံအစိုးရ၊ ဝူဟန်မြို့အထိ လာရောက် ခေါ်ပေးတဲ့ လေကြောင်းလိုင်း၊ လေယာဉ်မှူးနဲ့အဖွဲ့သားတွေ ကို ကျေးဇူး အရမ်းတင်မိတယ်။ ပြီးတော့ ပြန်ရောက်လာတဲ့အချိန် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့အတွက် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ၊ အလှူရှင် တွေ၊ မန္တလေးမြို့တော်ဝန်နဲ့ နိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ပါ တယ်လို့ ပြောပါရစေ”ဟု ပြောသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူ ၅၉ ဦးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံသို့ ဖေဖော်ဝါရီလ ၂ ရက်က စတင် ရောက်ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ/မရှိ ၂ ပတ်ကြာ (၁၄ ရက်)စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် စောင့်ကြည့် ကာလ ပြည့်ပြီး စိတ်ချရသည့်အတွက် ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်)မှာဘဲ မိမိနေရပ်များသို့ ပြန်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ပြန်ခွင့်ရသည့် ကျောင်းသား/ကျောင်းသူ ၅၉ ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အပါအဝင် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာက တာဝန်ရှိသူများ နှင့် နှုတ်ဆက် မိတ်ဆုံစားပွဲ ပြုလုပ်ခဲ့ကြပြီး မြို့တော်ဝန် ဒေါက်တာရဲလွင်မှ အမှတ်တရ လက်ဆောင်များလည်း ပေးအပ်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly