ဆော်ဒီ ဂျက်တိုက်လေယာဉ်ကို ပစ်ချခဲ့တဲ့ ဗီဒီယို ဟူသီသူပုန်တွေ ထုတ်ဖော်ပြသ

ဆော်ဒီ ဂျက်တိုက်လေယာဉ်ကို ပစ်ချခဲ့တဲ့ ဗီဒီယို ဟူသီသူပုန်တွေ ထုတ်ဖော်ပြသ

ဖေဖော်ဝါရီ ၁၆ ။                 ။  ဆော်ဒီအာရေးဗျ ဂျက်တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ အီရန် ကျောထောက်နောက်ခံ ဟူသီသူပုန်တွေက ပြောပါတယ်။

အဆိုပါ လေယာဉ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဟူသီသူပုန်တွေက ထုတ်ပြန်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီအာရေးဗျဘက်ကတော့ ဟူသီသူပုန်တွေရဲ့ ပြောကြားချက်ကို ပယ်ချသွားခဲ့ပြီး ဒီ ဂျက်လေယာဉ်ဟာ ယင်းဘာသာ ပျက်ကျသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီ တိုက်လေယာဉ်တစ်စင်းဟာ ပဋိပက္ခစစ်ပွဲဖြစ်နေတဲ့ ယီမင်နိုင်ငံထဲမှာ ပျက်ကျခဲ့တာဖြစ်ကြောင်း ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအုပ်စုက ဖေဖော်ဝါရီ ၁၅ ရက်မှာ ကြေညာပါတယ်။

အဆိုပါ လေယာဉ်ဟာ ဖေဖော်ဝါရီ ၁၄ ရက်က ယီမင်အစိုးရ တပ်ဖွဲ့တွေကို အကူအညီပေးရေး စစ်ဆင်ရေးတစ်ခုအတွင်း ပျက်ကျသွားခဲ့တာ ဖြစ်ကြောင်း ညွန့်ပေါင်းအုပ်စုက ပြောပါတယ်။

လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းနဲ့ လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့တော့ ထုတ်ပြန်သွားခြင်းမရှိပါဘူး။

ဒါ့အပြင် အဆိုပါ လေယာဉ်ပျက်ကျပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဆော်ဒီတို့ဘက်က ယီမင်မှာ လေကြောင်းထိုးစစ်တွေ ဆင်နွှဲခဲ့လို့ အရပ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်သွားခဲ့ပါတယ်။

ယီမင်နိုင်ငံမြောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ ရက်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် အရှိန်မြင့်လာခဲ့ပြီးနောက် ယခင်ကတည်းကမှ စစ်ပွဲကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေခဲ့တဲ့ ယင်းနိုင်ငံအတွက် လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ပိုမိုဆိုးရွားလာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly