အာရှဒေသပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပွား

အာရှဒေသပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၆ ။                     ။ ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကြောင့် ပထမဆုံးလူသေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်မှာ အဆိုပါနိုင်ငံရဲ့ အာဏာပိုင်တွေက ထုတ်ပြန် သွား ခဲ့ပါတယ်။

ဒါဟာ အာရှဒေသပြင်ပမှာ ယင်းဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဗိုင်းရပ်စ် အဓိက ဖြစ်ပွားနေတဲ့ တရုတ်မှာ သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၁၅ ရက်အထိ ၁,၅၀၀ ကျော် ရှိနေခဲ့ပြီးနောက် ခုလို အာရှပြင်ပမှာပါ လူသေဆုံးမှု ပေါ်ပေါက်လာခဲ့တဲ့အတွက် ယင်းဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကမ္ဘာတစ်ဝန်း စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။

တရုတ်မှာတော့ လက်ရှိအချိန်မှာ  အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက် ၆၆,၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။

ယင်းဗိုင်းရပ်စ်သစ်ကတော့ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယခုအခါ ယင်းနိုင်ငံတစ်ဝန်းအပြင် နိုင်ငံပြင်ပ နိုင်ငံတော်တော်များများကိုပါ ပျံ့နှံ့ရောက်ရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများစုဟာ တရုတ်ပြည်တွင်းမှာ ဖြစ်ခဲ့တာ ဖြစ်သလို ယင်းနိုင်ငံပြင်ပ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ဂျပန် နဲ့ ယခု ပြင်သစ်တို့မှာပါ သေဆုံးမှုတွေ ပေါ်ပေါက်ထားခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly