ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်တစ်ခုတည်းက ဆုံးဖြတ်ခြင်းမဟုတ်ဟု ထုတ်ဖော်ပြောဆို

ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်တစ်ခုတည်းက ဆုံးဖြတ်ခြင်းမဟုတ်ဟု ထုတ်ဖော်ပြောဆို

အောက်တိုဘာ ၂၉ ရက် ။ ။ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် နယ်မြေအချို့အား ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများအဖြစ် ထုတ်ပြန်ခဲ့ခြင်းသည် ကော်မရှင်တစ်ခုတည်းက ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၉ တွင် ပြောသည်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းအစည်းအဝေးသို့ တက်ရောက်လာသူ ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၇ ခုမှ တာဝန်ခံများရှေ့တွင် ပြောကြားခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက် ထုတ်ပြန်ရာတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် 'ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည် မဟုတ်ကြောင်း' ဟု ပါရှိသည်။

အောက်တိုဘာ ၂၉ နေပြည်တော်အစည်းအဝေးတွင်မူ ၂၀၁၄ ခု ဇွန်လမှစ၍ 'လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု' မှ လက်နက်ဖြင့်ခြိမ်းခြောက် မဲထည့်ခိုင်းခြင်းရှိခဲ့ပြီး သီပေါမြို့နယ်အမတ်လောင်းများ၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့များက လုံခြုံရေးအခြေအနေအရ 'ရွှေ့ဆိုင်းပေးရန်' တင်ပြခဲ့သည်ဟုဆိုသည်။ ကော်မရှင်အနေဖြင့်လည်း ၎င်းဒေသတွင် တိုက်ပွဲများဖြစ်နေသဖြင့် မဲလက်မှတ်များ ပေးပို့နိုင်ခြင်းမရှိသေး၍ 'ရွေ့ဆိုင်း' ရသည်ဟု ဖော်ပြသည်။

အဆိုပါဒေသများတွင် ရွေးကောက်ပွဲများ မကျင်းပတော့ကြောင်း ကြေညာသည့် အောက်တိုဘာ ၂၇ ရက် ၌ပင် ဟန့်တားရာ ရောက်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက်သည့် အရပ်သားအစိုးရပေါ်ပေါက်ရေးကို စွပ်စွဲပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည်။ 

အခြားရှမ်းပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကမူ UEC ၏ စာမထုတ်ပြန်မီ တစ်ပတ်ကျော်ခန့်စော၍ မိုင်းရှူး၊ ကျေးသီးနှင့် တန့်ယန်းမြို့နယ်များတွင် တိုက်ပွဲများကြောင့် ဒေသခံများပြောင်းရွှေ့ ထွက်ပြေးနေကြရ သဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် မဟုတ်သောကြောင့် ယင်းဒေသ ၃ ခု ၌ ကျင်းပမည့် ရွေးကောက်ပွဲအား ခေတ္တယာယီရပ်ဆိုင်းပေးပါရန် UEC ထံ တင်ပြခဲ့သည်။

ယခုအခါ ကျေးသီးမြို့နယ်အတွက် မဲလက်မှတ်များအား ခိုလန်ရဲစခန်း၊ မိုင်းရှူးမြို့နယ်အတွက် ကွန်ဟိန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့တွင် လုံခြုံစွာ ထိန်းသိမ်းထားသည်ဟု UEC ဥက္ကဋ္ဌကပြောသည်။

ရွေးကောက်ပွဲမကျင်းပဟု ကြေညာထားရာတွင်ပါဝင်သည့် တန့်ယန်းမြို့နယ် ကျေးရွာအုပ်များနှင့် ဟိုပင်မြို့နယ် ရပ်ကွက်တစ်ချို့နှင့် ကျေးရွာအုပ်စုတစ်ချို့အတွက် မဲလက်မှတ်များကို မည်သည့်နေရာတွင် လုံခြုံစွာ ထိန်းသိမ်းထားသည်ကိုမူ ပြောဆိုသွားခြင်းမရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly