မြိတ်၊ ဖေဖော်ဝါရီ (၁၅)။ ။ တရုတ်ပြည်တွင် ဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကြောင့် မြိတ်ကျွန်းစု ထွက်ကုန် ဂဏန်းမဲ တွေ အရောင်းအဝယ် ရပ်တန့်နေတာကြောင့် ကုန်သည်တွေရောဒေသခံ တွေပါအခက် အခဲဖြစ်နေကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ယခင်က တရုတ်ပြည် ဈေးကွက်ကို အဓီကထား တင်ပို့ ရောင်းနေပြီးလက်ရှိ မှာတော့ထိုင်းနိုင်ငံကို တင်ပို့နေသော်လည်း သည်ရက်ပိုင်းမှာ ထိုင်းဘတ်ငွေဈေးတွေ ကျဆင်းနေ၍ ဈေးကောင်းမရဘဲဖြစ်နေသည်။ ဂဏန်းမဲ ဈေးနှုန်းများမှာ ဒေသခံဂဏန်းဖမ်းဆီးသူများထံမှအဝယ်ဒိုင်များဝယ်ယူဈေးမွာ ထက်ဝက်ခန့်ကျဆင်းသွားပြီးထိုင်းဈေးကွက်သို့တင်ပို့သည့်ဈေးမှာ ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းကြောင်းသိရသည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ရွှေနှင်းဆီးလမ်းရှိ ဂဏန်းမဲ အဝယ်ဒိုင်မှ ဦးအေးလွင်က“အခု တရုတ်နိုင်ငံက ဝယ်လက် လုံးဝ ရပ်နား ထားတော့ အိမ်နီးချင်း ထိုင်းနိုင်ငံ ဈေးကွက်ကို တင်ပို့ ရောင်းချနေရပေမယ့် ဈေးကောင်း မရတာကြောင့် အဝယ်ဒိုင်တွေနှင့် ဒေသခံ ရေလုပ်သားတွေ အများစု အခက်အခဲတွေ အများကြီး ဖြစ်ပေါ် နေတယ်”ဟု ပြောသည်။
တရုတ်ပြည်မှ အဝယ်ရပ်လိုက်ချိန်မှစရျ် ဂဏန်းမဲ ဈေးနှုန်းတွေ ကျဆင်း နေသည်မှာ တစ်လ နီးပါးခန့် ရှိနေပြီဖြစ်တာကြောင့် အဝယ်ဒိုင်များနှင့် ဒေသခံ ရေလုပ်သားများ အကြားမှာ တွက်ခြေ မကိုက် ဖြစ်နေပြီး ရေရှည် ရပ်တည်ရန် ခက်ခဲလာနိုင်ကြောင်းလည်း သိရ သည်။
“ပုံမှန်ဆိုရင် ဒီဘက်က ဂဏန်းက တရုတ်နိုင်ငံကို အများဆုံး တင်ပို့ပါတယ်၊ အခုက ထိုင်းကလည်း ဈေးမကောင်းဘူး၊ အရင်ဝယ်နေတဲ့ ဈေးနဲ့ အခု ဝယ်တဲ့ ဈေးက အများကြီး ကွာနေတော့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်နေတယ်”လို့ မြိတ်မြို့၊ ဂဏန်းမဲ အဝယ်ဒိုင်မှ ဦးညီညီလင်းက ပြောသည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
ဂဏန်းမဲအများဆုံးထွက်ရှိရာ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ပိုင်းကျေးရွာများမှ ဒေသခံ ဂဏန်းမဲ ဖမ်းဆီးသူတွေ အနေနဲ့ လတ်တလောမှာ ဈေးကွက် မရှိတာကြောင့် မိသားစု စားဝတ် နေရေးတွေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရ သည်။
“ယခင် တရုတ်ဈေးကွက် ကောင်းတုန်းက ဂဏန်း လာရောက်တာ တစ်ခေါက်ကို ၃ သိန်းကျော်မှ ၄ သိန်းကျော် နီးပါးလောက် ရပါတယ်၊ အခု ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်နေတယ် ဆိုလား မသိဘူး၊ ဈေးတွေ တော်တော် ကျသွားတယ်၊ နောက်ဆုံး လာရောင်းတာ ၁ သိန်းကျော်မှ ၂ သိန်း နီးပါးလောက်ပဲ ရတယ် ဆိုတော့ အကြွေးတွေ တင်နေတယ်”လို့ ကျွန်းစုမြို့နယ်မှ ဒေသခံ ဂဏန်းမဲ လာရောက် ရောင်းချသူ ဒေါ်တင်ထွေးက ရှင်းပြ သည်။
ဂဏန်းမဲတင်ပို့သည့် ဈေးကွက်မှာ ယခင်က တရုတ်နိုင်ငံသို့ ၃၀၀ ဂရမ် အထက်ရှိ အကောင်ကြီး ၁ ပိသာကို ၂၆၀၀၀ ကျပ် အထိ ပေါက်ဈေး ရှိခဲ့သည်။ လက်ရှိ ထိုင်းဈေးကွက်မှာတော့ ၃၀၀ ဂရမ်အထက်ရှိ အကောင်ကြီး ၁ ပိသာကို ၂၀၀၀၀ ကျပ်သာပေါက်ဈေး ရှိပြီး၊ ၂၀၀ ဂရမ် အထက် အကောင် ၁ ပိသာကို ယခင်၂၁၀၀၀ ကျပ် ရှိရာမှ ယခု ၁၄၀၀၀ ကျပ်၊ ၂၀၀ ဂရမ် အောက် အကောင် ၁ ပိသာကို ယခင် ၁၉၀၀၀ ကျပ်၊ ယခု ၁၂၀၀၀ ကျပ်သာ ပေါက်ဈေး ရှိတော့ကြောင်း ဂဏန်းမဲ အဝယ်ဒိုင်များထံမှ သိရသည်။