ဧည့်သည်များကို ပြုံးပျော်စေသည့် အာဖဂန်မှ ပထမဦးဆုံး စက်ရုပ် စားပွဲထိုးမလေး

ဧည့်သည်များကို ပြုံးပျော်စေသည့် အာဖဂန်မှ ပထမဦးဆုံး စက်ရုပ် စားပွဲထိုးမလေး
Photo  - AFP

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅။          ။ ကဘူးလ်မြို့လယ်က စားသောက်ဆိုင် တစ်ဆိုင်မှာ အာဖဂန်နစ္စတန်၏ ပထမဦးဆုံး စက်ရုပ် စားပွဲထိုးမလေးက ဆိုင်ကို လာစားသူများကို စားဖွယ်များ သယ်ပေးပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

မွတ်စလင် ရိုးရာဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးပုံစံ ထိုစက်ရုပ်ကို ဂျပန်နိုင်ငံက မှာယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ထို စက်ရုပ် စားပွဲထိုးမလေးနှင့် ဝန်ဆောင်မှု စပေး ကတည်းက ဖောက်သည်အသစ်များ ရလာသည်ဟု Times စားသောက် ဆိုင် မန်နေဂျာ မိုဟာမက်ရာဖီ ရှာဇက်က ပြောသည်။

စက်ရုပ် စားပွဲထိုးမလေးသည် အာဖဂန်၏ အဓိက ဘာသာစကား နှစ်ခုထဲက တစ်ခုဖြစ်သော ဒါရီဘာသာနှင့်  ကျေးဇူး အများကြီး တင်ပါသည်၊  Happy Birthday ပါ စသဖြင့် ပြောဆို နှုတ်ဆက်လျက်ရှိပါသည်။

တီမီယာဟု အမည်ပေးထားသည့် ထိုစက်ရုပ်လေးသည် ၁၅၀ စင်တီမီတာ (ငါးပေ) အမြင့်ရှိပြီး စားဖွယ်ထည့်ထားသော ပန်းကန်များကို စားပွဲများဆီ သယ်ပေးသည်။

စားသောက်ဆိုင်သို့ လာရောက်သူများအနေဖြင့် စက်ရုပ်ရင်ဘတ်ရှိ touch panel ကို နှိပ်၍ အစားအသောက်များ မှာနိုင် သည်။

စားသောက်ဆိုင်ပိုင်ရှင် ရှာဇက်က “စက်ရုပ်ကို အပြင်မှာ မြင်ရတာ လူတွေအတွက် စိတ်ဝင်စားစရာ ကောင်းတယ်လေ၊ တချို့ ကလေးတွေဆို စက်ရုပ်က သူတို့ဆီ စားစရာတွေ ယူလာပေးတော့ ပျော်ပြီး ထတောင်ခုန်ကြတယ်” ဟု ပြောသည်။

စက်ရုပ်များကို ဂျပန်နှင့် တရုတ်နိုင်ငံများမှာ တွေ့မြင် နေကျဖြစ်ပေမယ့် ပဋိပက္ခများနှင့် ရှုပ်ထွေးနေသည့်  အာဖဂန်လို နိုင်ငံအတွက် အထူးအဆန်း ဖြစ်နေကြောင်း သိရသည်။

သို့သော် အာဖဂန် နစ္စတန်နိုင်ငံမှာ လူငယ် ထောင်ပေါင်းများစွာသည် အလုပ်လက်မဲ့ ဖြစ်နေသည့်အတွက် Timea လေးကို စားပွဲထိုးအဖြစ် အသုံးပြုခြင်းအပေါ်  ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေသူများလည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly