ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁၅၀၀ ကျော်သွားသော်လည်း ကူးစက်မှုနှုန်း ကျဆင်း

ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁၅၀၀ ကျော်သွားသော်လည်း ကူးစက်မှုနှုန်း ကျဆင်း
Photo: AFP

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၅

ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကြောင့် သေဆုံးသူ ၁၅၀၀ ကျော်သွားပြီဖြစ်သော်လည်း ယခုသီတင်းပတ်အလယ်ခန့်မှစ၍ ကူးစက်ပျံ့နှံ့မှုနှုန်း ကျဆင်းသွားကြောင်း သိရသည်။

ယမန်နေ့က ၁၄၃ ဦး ထပ်မံသေဆုံးခဲ့ကာ ၂၆၀၀ ကျော်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်ထိ စာရင်းအရ စုစုပေါင်း သေဆုံးသူ ၁၅၂၃ ဦးနှင့် ကူးစက်ခံရသူ ၆၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က တရားဝင်ထုတ်ပြန်ထားသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ကိုရိုနာကြောင့် ကျန်းမာရေးဝန်ထမ်း ၆ ဦးသေဆုံးခဲ့ပြီး ၁၇၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရသည်။ ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းအများစုသည် ဝူဟန်ဆေးရုံများမှဖြစ်ပြီး ကူးစက်ရောဂါကာကွယ်သည့်ပစ္စည်းများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ခွဲခန်းဆေးစစ်ချက်ရလဒ်များအရ ရောဂါကူးစက်ခံရကြောင်း အတည်ပြုပေးသည့်အပြင် ဆေးပညာရှုထောင့်အရ အဆုတ်၏အခြေအနေကို စမ်းသပ်ပေးခြင်းဖြင့်လည်း ထည့်သွင်းတွက်ချက် စစ်ဆေးပေးလျက်ရှိသည်။

လူဦးရေ ၅၆ သန်းကျော်ရှိသည့် ဟူဘေးပြည်နယ်ကိုလည်း အဝင်အထွက်ကန့်သတ်ကာ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

ယခု ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် နိုင်ငံ၏ ကျန်းမာရေးအရေးပေါ်တုံ့ပြန်မှုစနစ်တွင် ချို့ယွင်းချက်များရှိနေသေးသည်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly