ဘေဘီလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မယ်

ဘေဘီလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ရွေးချယ်မယ်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဈေးကွက်မှာ ရနိုင်တဲ့ဘေဘီရှန်ပူတွေက အများကြီးရယ်။ ကိုယ့်ဘေဘီအတွက် ဘာလေးနဲ့ကောင်းမလဲ စဉ်းစားရတာမေမေတွေမှာခေါင်းကိုခြောက်ရော။ ကိုယ်သုံးနေတဲ့ခေါင်းလျှော်ရည်တွေ၊ဆပ်ပြာတွေလည်း ကလေးကို သုံးပေးလို့မရတော့ သူ့အတွက် သီးသန့်ဝယ်ရမှာပေါ့။ ဒီတော့ ကလေးအတွက် အသင့်တော်ဆုံး ခေါင်းလျှော်ရည် ကို ဘယ်လိုရွေးချယ်ကြမလဲ။

ဘယ်လိုကောင်းကြောင်း၊ ဘာအတွက်ကောင်းကြောင်း တီဗီကြော်ငြာ၊ အွန်လိုင်းကြော်ငြာတွေရဲ့ အာမခံချက်တွေကို မျက်စိစံမှိတ် ယုံကြည်လိုက်တော့မှာလား၊ ဒါမှမဟုတ် အမှတ်တံဆိပ်များစွာထဲကမှ ကိုယ်တိုင်သေချာရွေးဝယ်မလား ဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။

အမှန်တော့ ကလေးငယ်တွေအတွက် အသုံးအဆောင်ပစ္စည်းမှန်သမျှဟာ ကလေးရဲ့လိုအပ်ချက်ကို မူတည်ပြီးရွေးချယ်တာ အကောင်းဆုံးပါပဲ။ တချို့ကလေးတွေဆိုရင် ဆပ်ပြာတွေနဲ့ဓါတ်မတည့်ဖြစ်တတ်တယ်။ တစ်ခါတရံ အရေပြားမှာ အနီကွက်တွေဖြစ်တတ်တယ်။ ဒါ့ကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းရေးအသုံးအဆောင်တွေဝယ်ရင် ဒီလိုအချက်လေးတွေ ထည့်စဉ်းစားကြရပါတယ်။
အဆိပ်သင့် ဓာတုပစ္စည်း

ပထမဆုံး ကလေးခေါင်းလျှော်ရည်ဟာ အဆိပ်အတောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေမပါရှိတာ သေချာပါစေ။ Sulfates၊ phthalates နဲ့ parabens တွေက ကလေးခေါင်းလျှော်ရည်နဲ့လိုးရှင်းတွေမှာ တာရှည်ခံဓါတုပစ္စည်းအဖြစ်နဲ့ပါတတ်ပါတယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတာသေချာတဲ့ ရှန်ပူအမျိုးအစားကိုရွေးသင့်ပါတယ်။
အပျော့စားဖြစ်ရမယ်

ကလေးတွေအတွက်က ရှန်ပူအပျော့စားသုံးတာအကောင်းဆုံးပါပဲ။ အပျော့စားဆိုတာက အရောင်ဆိုးဆေးမပါ၊ အမွှေးနံ့မပါ၊ ဓါတ်မတည့်ဖြစ်စေလောက်တဲ့ပါဝင်ပစ္စည်းမပါဘဲ တာရှည်ခံပစ္စည်းလည်းမပါတဲ့ ရှန်ပူတွေဖြစ်ပါတယ်။ label ကိုသေချာဖတ်ရင် ရှန်ပူထဲကပါဝင်ပစ္စည်းတွေကိုသိလာမှာဖြစ်လို့ ထိခိုက်စေနိုင်တဲ့ဓါတုပစ္စည်းတွေ၊ရေမွှေးနံ့တွေ၊ဆိုးဆေးတွေမပါတဲ့ခေါင်းလျှော်ရည်ကိုပဲ ကလေးအတွက်ရွေးချယ်သင့်ပါတယ်။
တာရှည်ခံပစ္စည်း

ခေါင်းလျှော်ရည်တွေမှာ တာရှည်ခံပစ္စည်းပါဝင်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးငယ်တွေသုံးတဲ့ခေါင်းလျှော်ရည်မှာတော့ အပျော့စား တာရှည်ခံပစ္စည်းတွေကို သုံးရပါတယ်။ ဥပမာ ဗီတာမင်စီအသီးတွေရဲ့အစေ့ကနေ ရရှိတဲ့ Phenoxyethanol နဲ့ ဗီတာမင်အေ၊ စီ၊ အီး တို့ဖြစ်ပါတယ်။ ဒါပေမယ့် တာရှည်ခံပစ္စည်းဟာ FDA ကခွင့်ပြုထားတဲ့ ပမာဏနည်းနည်းလေးပဲ ပါရှိရမယ်ဆိုတာ သတိထားပြီးသေချာစစ်ဆေးပါ။
အမွှေးနံ့

ပြောရရင် မေမေတို့ ဘာအသားအရေထိန်းပစ္စည်းပဲဝယ်ဝယ် အနံ့လေးတော့ အရင်စမ်းသပ်ကြည့်ကြတယ်မဟုတ်လား။ အနံ့လေးမဆိုးဘူး၊မွှေးမွှေးလေးဆိုပြီးဘေဘီလေးတွေကို ဝယ်ပေးချင်ရော။ တကယ်တော့အဲဒီချစ်စဖွယ်အနံ့လေးတွေက ကလေးရဲ့အရေပြားမှာလောင်စေမယ့်၊နီရဲရောင်ရမ်းစေနိုင်မယ့် အမျိုးအမည်မသိဓါတုပစ္စည်းတွေ ပေါင်းစပ်ထားတဲ့ အမွှေးနံ့တွေဆိုတာ သင်သိပါ့မလား။

ကလေးငယ်တွေရဲ့အသားအရေက အရမ်းနူးညံ့ပြီးထိခိုက်လွယ်တာကြောင့် အသားမှာထိတွေ့လိုက်သမျှအားလုံးကို စုပ်ယူနိုင်စွမ်းကောင်းပါတယ်။ ဒါ့ကြောင့် ဒီလောက်အရွယ်ငယ်ငယ်လေးမှာ ဓါတုပစ္စည်းတွေအများကြီးထိတွေ့လိုက်ရတဲ့အခါ ဓါတ်မတည့်မှုတွေဖြစ်လာနိင်ခြေပိုများစေပါတယ်။ ကြာလာရင် အန္တရာယ်ရှိပါတယ်။
အယ်ကိုဟောမပါတာကို ရွေးပါ

လူကြီးတွေသုံးတဲ့ရှန်ပူတချို့က သုံးလိုက်ရင် အရမ်းကိုလန်းဆန်းသွားသလိုခံစားရပြီး ဆံပင်လည်းအခြောက်မြန်တာကို ကြုံဖူးကြပါသလား။ အဲဒါက အသားအရေမှာမြန်မြန်ခြောက်သွေ့စေတဲ့ အယ်ကိုဟောပါဝင်နေလို့ဖြစ်ပါတယ်။ ကလေးပစ္စည်းတွေမှာတော့ အသားအရမ်းခြောက်သွေ့ရင် အရေပြားပြဿနာတွေ၊ နီမြန်းတာတွေဖြစ်လာစေနိုင်လို့ အယ်ကိုဟောမပါဝင်သင့်ပါဘူး။ ဒါ့ကြောင့် label ကိုသေချာဖတ်ပြီး ကလေးအတွက် ခေါင်းလျှော်ရည် မှာ အယ်ကိုဟောပါမပါ စစ်ဆေးပါ။

နောက်တစ်ချက်အနေနဲ့မေမေတို့ရဲ့ဆန္ဒက ဘေဘီရှန်ပူဟာ မျက်စိမစပ်တဲ့အမျိုးအစားလည်းဖြစ်ရမယ်ဆိုတာပါပဲ။ ကလေးကိုရေချိုးပေးရင်၊ အထူးသဖြင့် ခေါင်းလျှော်ပေးတဲ့အခါ မျက်စိမစပ်မှ အဆင်ပြေမှာပါ။ ဒီအချက်လေးလည်း ထည့်စဉ်းစားရပါမယ်။
ဘာကိုရှောင်ရမလဲ

Diethanolamine (DEA) သို့မဟုတ် Triethanolamine (TEA) တို့ပါတဲ့ဘေဘီရှန်ပူတွေကိုရှောင်ရပါမယ်။ အဲဒီဓါတုပစ္စည်းတွေက ရှန်ပူအများစုမှာပါတတ်တဲ့ တာရှည်ခံပစ္စည်းဖြစ်တဲ့ nitritesတွေနဲ့ ဓါတ်ပြုမိရင် ကလေးရဲ့အရေပြားထဲကို စိမ့်ဝင်နိုင်စွမ်းမြန်ဆန်တဲ့ nitrosamines တွေဖြစ်ပေါ်လာနိုင်ပါတယ်။ nitrosaminesတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly