ဆိုင်းငံ့ထားသည့် ကားပါမစ်ကိစ္စ ခွင့်ပြုချက်ရလျှင် ချက်ခြင်းဆောင်ရွက်မည်

ဆိုင်းငံ့ထားသည့် ကားပါမစ်ကိစ္စ ခွင့်ပြုချက်ရလျှင် ချက်ခြင်းဆောင်ရွက်မည်

 ဖေဖေါ်ဝါရီ ၁၄ ။         ။ ဝန်ထမ်းများကို အခွန်သက်သာခွင့်နှင့် ကားတင်သွင်းခွင့်ပေးမည့် အစီအစဉ် ကို နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုချက်ရလျှင် ချက်ခြင်း ဆောင်ရွက် ပေးသွား မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။

ဖေဖေါ်ဝါရီ ၁၄ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးခွန်း လာရောက် ဖြေကြားခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ပေးမယ်ဆိိုလို့ရှိရင် မှန်းကြည့်တာကတော့ လေးသောင်း ကနေ ငါးသောင်းလောက်ထိ ကျွန်တော်တို့ပေးရမှာပေါ့နော် ။ဆိုတော့ အဲ့လို ချိန်ပြီးတော့ ကျွန်တော်တို့လုပ်တာပါပဲ ။လုပ်တဲ့အခါမှာတော့ အငယ်ပိုင်း တွေ က စပြီးတော့ပေးဖို့ပေါ့ ဒါကတော့ ကျွန်တော်တို့ မူလေးကိုတော့ လုပ်ထားပါတယ်။ လုပ်ထားပြီးတဲ့အခါကျတော့ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုမယ်ဆို ရင် ဒါလေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

၀န်ထမ်းများကို ကားတင်သွင်းခွင့် ပေးမည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုများ ရှိလာသည့် အတွက် အစီအစဉ်ကို နှုတ်မိန့်ဖြင့် ခေတ္တဆိုင်းငံ့ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်ပြည်သူ့ ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများကို အခွန်သက်သာစွာနှင့် မော်တော်ယာဉ် တင်သွင်းခွင့် ပေးမည့် အစီအစဉ်ကို ပထမအဆင့်အနေဖြင့် ညွန်ချုပ်နှင့်အထက်၊ ဒုတိယ အဆင့်အနေဖြင့် ဒုညွှန်ချုပ်နှင့်အထက် နှင့် လုပ်သက် ၂၅နှစ်ပြည့်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများကို ပေးမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ အာဆီယံ လခ တို့ဘာတို့ဆိုလည်း ရတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဝန်ထမ်း တွေအတွက်ကို အိမ်တို့ ကားတို့ ထောက်ပံ့ ပေး နေရတယ်။ ထောက်ပံ့ ပေးတဲ့ အခါမှာ ဒီလို ခွင့်ပြုလိုက် မယ်ဆို လို့ ရှိရင် ကားထောက်ပံ့ပေးမှု လည်းလျော့သွားမယ့် သဘောရှိပါတယ်။ အိမ်ဆိုလို့ ရှိရင်လည်း ကျွန်တော်တို့အနေနဲ့ အရစ်ကျ ရောင်းချတဲ့စနစ်ရှိပြီဆိုရင် ကျွန်တော် တို့ နိုင်ငံမှာ နိုင်ငံတော်ကပဲ အကုန် တာဝန်ယူရတဲ့ အခြေ အနေ မျိုးမှာ မရှိတော့တဲ့ အခြေအနေမျိုးတွေရှိပါတယ် ဒီရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက် တာဖြစ်ပါတယ်” ဟု ဦးအောင်ထူးက ပြောသည်။

အခွန်သက်သာခွင့်နှင့် ပတ်သက်၍ ဝန်ထမ်းများသည် ဝင်ငွေခွန် ပေး ဆောင် ထားသည့် အတွက် ဝင်ငွေခွန်ပေးရန်မလိုပဲ တင်သွင်းခွင့် ပေးမည့် မော်တော်ယာဉ်ကိုလည်း အင်ဂျင်ပါဝါ ၁၅၀၀စီစီနှင့် အောက်ကို သတ်မှတ် မည် ဆိုပါက အထူးကုန်စည်ခွန် ပေးဆောင်စရာ မလိုဘူးအောင် ဝန်ကြီးဌာန တာဝန်ရှိသူများက စဉ်းစားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကညနမှတ်ပုံတင်ကြေးနှင့် အကောက်ခွန်ကိုလည်း နိုင်ငံတော် သမ္မတ လုပ်ပိုင်ခွင့်ဖြင့် ကင်းလွတ်ခွင့်ပြုပါက ကုန်သွယ်လုပ်ငန်းခွန် လေးရာခိုင် နှုန်းကိုသာပေးဆောင်ပြီး ကားတင်သွင်းနိုင်မည့် အခြေအနေကို ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ထူး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဝန်ထမ်းကောင်း ဆုတံဆိပ်ရသည့် ဝန်ထမ်း တစ်သောင်းခန့် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly