ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်မြို့နယ်မှာ ငလျင်အသိပညာပေး လူထုလှုပ်ရှားမှုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်မြို့နယ်မှာ ငလျင်အသိပညာပေး လူထုလှုပ်ရှားမှုလုပ်မည်
ဓာတ်ပုံ - ကျော်ဝေမင်း

ရန်ကုန်၊ဖေဖော်ဝါရီ ၁၄။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဟာဗန္ဓုလပန်းခြံ အပါအဝင် မြို့နယ် ခြောက်မြို့နယ်၌ ငလျင်နှင့်ပတ်သက်၍ အသိပညာပေး လူထုလှုပ်ရှားမှု တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တွင်း နေထိုင်ကြသည့် ဒေသခံ ပြည်သူများ ငလျင်နှင့်ပတ်သက်၍ အသိပညာ ရရှိစေရန် အပြင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်တက်စေရန်အတွက် လူထုလှုပ်ရှားမှု တစ်ရပ်ကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံငလျင် ကော်မတီမှ နာယက ဒေါ်လှလှ အောင်က ပြောသည်။

“ ငလျင်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရပါဘူး၊ အဲဒီတော့ နိုင်ငံ အကျိုးစီးပွား ဆုံးရှုံးမှု မရှိဖို့ လူ အသေအပျောက် မရှိဖို့ အတွက် အရေးကြီးဆုံးက ကြိုတင်ပြင်ဆင်ခြင်းပါ။ အဲဒါကြောင့် ကြိုတင် ပြင်ဆင်ခြင်းကို လုပ်ဆောင်ဖို့ လိုပါတယ်၊ ကြိုတင် ပြင်ဆင်ခြင်းမှာလည်း ရေတိုရေရှည်နည်းနဲ့ ကြိုတင် ပြင်ဆင်မှုတွေ ရှိပါတယ်” ဟု ပြောသည်။

ငလျင် အသိပညာပေး လူထု လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်မြို့နယ်၊ ဒဂုံ ဆိပ်ကမ်းမြို့ နယ်၊ လှိုင်သာယာမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ် စသည့် မြို့နယ် ခြောက်မြို့နယ် အပြင် ကျောက်တံတားမြို့နယ်က မဟာဗန္ဓုလပန်းခြံတို့မှာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင် အသိပညာပေး လူထု လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ပြုလုပ်မည့် ဖြစ်ကြောင်း သိရသည်။

ငလျင် အသိပညာပေး လူထုလှုပ်ရှားမှုတွင် ငလျင် လှုပ်ခတ်လာပါက ကြီးမားသည့် ဆုံးရှုံးမှုများ မရှိစေရန် အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းပြခြင်း၊ ငလျင် ဘေးအန္တရာယ် လျော့ပါး ရေး အသိပညာပေး ပြခန်းများ၊ သဏ္ဍာန်တူ ဆောင်ရွက်ခြင်းများ၊ အမေးအဖြေ အစီအစဉ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို လူထုလှုပ်ရှားမှု အစီအစဉ်ကို မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က ရစ်ခ်တာစကေး ၄.၁ သာရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေ မြို့နယ်အတွင်းရှိ တိုက် ၅ လုံး တိမ်းစောင်းသွားခဲ့သော ဖြစ်စဉ်များ ဖြစ်ပွားထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly