ဖေဖော်ဝါရီ ၁၄ ရက်။ ။ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် - ၂ အတွင်းတည်ရှိသည့် ကျင့်ကျန် ( Popular) အထည်ချုပ်စက်ရုံ ရှိ အလုပ်သမား ၁၀၀ ကျော်သည် စက်ရုံအလုပ်သမားများ၏ အခွင့်အရေး နှင့် နစ်နာမှုများအတွက် အစိုးရအဖွဲ့ မှ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကလှိုင်သာယာမြို့နယ်ရှိအလုပ်သမား ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်တောင်းဆိုလိုက်သည်။
ဆန္ဒထုတ်ဖော်သူများသည် ဥပဒေချိုးဖောက်သောအလုပ်ရှင်အား MIC မှအရေးယူပေးရန် ၊ ဥပဒေအားလေးစားလိုက်နာအောင် အစိုးရမှ အလုပ်ရှင်များအား အရေးယူပေးရန် ၊ အလုပ်ရှင် မည်သူဖြစ်ကြောင်း အမြန်ဆုံး ဖော်ထုတ်ပေးရန် ၊ ယခုအငြင်းပွားမှုအား ကျင်ကျန့် (popular)အထည်ချုပ်စက်ရုံအလုပ်ရှင်မှာ အမြန်ဆုံး ဖြေရှင်းပေးရန် စသည့် အချက်များကို ကြွေးကြော်ကာ တောင်းဆိုခြင်း ဖြစ်သည် ။
စက်ရုံအတွင်း အလုပ်ရှင် နှင့် အလုပ်သမားအကြား အငြင်းပွားမှု ဖြစ်စဉ်အား ခုံသမာဓိအဖွဲ့သို့ တိုင်ကြားရာတွင်လည်း အလုပ်သမားများ၏ သဘောဆန္ဒ မပါဘဲ အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ တင်လိုက်ခြင်းအပေါ် အလုပ်သမားများဘက်က ကျေနပ်မှု မရှိတာကြောင့် အခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူ ကိုဝင်းထက်ဦးက ပြောသည်။
“ ကျွန်တော်တို့ကလည်း Ticket ကြေး ၁၀ ဖြစ်ဖြစ် ၊ ၅ ကျပ် ဖြစ်ဖြစ် တောင်းဆိုပေးဖို့ပြောတယ်။ အလုပ်ရှင်ဘက်ကလည်း လုံးဝမပေးနိုင်ဘူး။ နောက်တော့ စက်ရုံအတွင်းမှာ သပိတ်မှောက်တာတွေ ဖြစ်လာတယ်။ သပိတ်မှောက်မူဖြစ်လာတော့ အလုပ်သမားတွေကို တရားစွဲဆိုမယ် ပြောတယ်။ ကျွန်တော်တို့ သမဂ္ဂအဖွဲ့ဝင်ထားတဲ့ သူတွေကိုလည်း သမဂ္ဂ ဥက္ကဋ္ဌကနေ စာရွက်ထုတ်ပြီး ထုတ်ပယ်လိုက်တယ်။ ''ဟု၎င်းကပြောသည်။
အလုပ်သမားများအနေဖြင့် တောင်းဆိုမှုများကိုဖြေရှင်းမရတာကြောင့် အခုလိုဆန္ဒပြမှုတွေဖြစ်ပေါ်လာကြောင်းသိရသည်။
'' တောင်းဆိုတာတွေ ဖြေရှင်းလို့ မရတော့ အပြင်ထွက်ဆန္ဒပြတယ်။ အပြင်ထွက်ဆန္ဒပြတော့ ညှိနှိုင်းတိုင်ပင်ဖို့ အလုပ်သမားဆက်ဆံရေးဦးစီးဌာနကလူတွေ လာတယ်။ ဖြေရှင်းပေးမယ် ဆိုတာပဲ ပြောတယ်။ သူဌေးကလည်း ဘယ်သူမှန်းမသိ ၊ စက်ရုံမှာ သူဌေးမရှိသလို ဖြစ်နေတယ် “ ဟု ကိုဝင်းထက်ဦးကပြောသည်။
အလားတူပင် အလုပ်သမားများ၏ ကျွမ်းကျင်ကြေး အပါအဝင် ရက်မှန်ကြေး နှင့် နှစ်ကုန်ကြေးများ တိုးမြှင့်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောဆိုသည်။
ဆန္ဒထုတ်ဖော်သူ မချစ်သဇင်ဖြိုးက “ တောင်းဆိုတာက ကျွမ်းကျင်ကြေး ၊ ရက်မှန်ကြေး ၊ နှစ်ကြေး ဒီအချက် ၃ ချက်ကို တောင်းဆိုထားတယ်။ တောင်းဆိုထားတဲ့အချက်က ၂၅ ချက် ၊ သဘောတူချက် ၂၂ ချက်တော့ ရထားတယ်။ ကျွန်မတို့ ဆန္ဒမပါဘဲ ခုံသမာဓိရုံးကို တင်လိုက်တယ်။ တင်လိုက်တာကြောင့် အလုပ်သမားဆက်ဆံရေး ဦးစီးမှူးကို ဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ် “ ဟု ပြောသည်။
ယင်းအထည်ချုပ်စက်ရုံကို ၂၀၁၈ နှစ်ကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လက်ရှိ စက်ရုံအတွင်း လုပ်သားဝန်ထမ်း ၁၆၀၀ ကျော်ခန့် ရှိနေကြောင်း သိရသည်။