ဒုတိယအကြိမ် အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲ လာမည့်ဒီဇင်ဘာတွင် ပြုလုပ်မည်

ဒုတိယအကြိမ် အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲ လာမည့်ဒီဇင်ဘာတွင် ပြုလုပ်မည်
၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် ရိုးရာခြင်းလုံးကစားသမား မျိုးဇော်ဦး ၀င်ရောက်ယှဉ်ပြိုင်စဉ်။ (ဓာတ်ပုံ - Singapore SEA Games)

အောက်တိုဘာ ၂၉၊ ရန်ကုန်။              ။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

ပထမအကြိမ် အာရှဖိတ်ခေါ်ခြင်းလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဘရာဇီးနိုင်ငံ အပါအဝင် အာရှနိုင်ငံများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

' ပြိုင်ပွဲ အသေးစိတ်အစီအစဉ်တွေကို နိုဝင်ဘာလလယ်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာပါ။ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံတွေက ဘရာဇီး၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ မြန်မာနဲ့ဆိုရင် စုစုပေါင်း ၁၁ နိုင်ငံလောက် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိထားပါတယ်။ သူတို့ကလဲ ဒီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ဖို့ ကမ်းလှမ်းထားပါတယ်'ဟု အာရှခြင်းလုံးအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးတာဝန်ခံ ဦးပြည့်စုံမြင့်က မဇ္ဈိမသို့ ပြောသည်။

ဒုတိယအကြိမ် အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်ထိ ကျင်းပရန် လျာထားသည်။ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှ စတင်ကာ ကမ္ဘာ့အားကစားလောကထဲ ဝင်ရောက်လာခဲ့သည့် မြန်မာရိုးရာခြင်းလုံးကစားနည်းသည် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင်လည်း ပါဝင်ခဲ့သည်။

ထို့ပြင် လာမည့် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း မြန်မာ့ရိုးရာခြင်းလုံးကစားနည်းမှာ ပိုက်ကျော်ခြင်းကစားနည်းမှ ထပ်မံပါဝင်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly