ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လန်ဒန် Chinatown ဧည့်သည်တွေလျော့နည်း

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လန်ဒန် Chinatown ဧည့်သည်တွေလျော့နည်း
Photo  - AFP

ဖေဖော်ဝါရီ ၁၄။           ။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကူးစက်ပျံ့နှံမှုနဲ့ပတ်သက်လို့ စစ်တမ်းကောက်ယူမှုနည်းလမ်းပြောင်းလဲလိုက်ပြီးတဲ့နောက် သေဆုံးသူနဲ့ ကူးစက်ခံရသူဦးရေ သိသိသာသာ မြင့် တက်လာတာကိုတွေ့ရှိခဲ့ကြရပြီး လန်ဒန်မြို့က Chinatown ဟာလည်း ယခင်ကထက် ဧည့်သည်တွေလျော့နည်းလာကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ဖေဖော်ဝါရီ ၁၄ ရက်ထိစာရင်းအရ အခုဆိုရင် သေဆုံးသူဦးရေဟာ ၁၃၈၀ ကျော် ရှိသွားပြီဖြစ်ကာ ၆၄၆၀၀ ကျော်လောက် ကူးစက်ခံနေရပြီဖြစ်ပါတယ်။

လန်ဒန် Chinatown တရုတ်လူမျိုးများအသင်းရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ David Tang က “ လူအတော်များများက Chinatown ကိုလာမစားကြတော့ဘူး၊ ဒီနေရာက ဗိုင်းရပ်စ်ကူးစက်ဖို့လွယ်တယ်လို့သူတို့က မှတ်ယူထားကြတာ၊ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး၊ ဧည့်သည်တွေမလာရင် အလုပ်မဖြစ်တော့ဘူးလေ၊ ပြီးခဲ့တဲ့အပတ်က အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက် ရောင်းအားကျသွားကျတယ်၊ ဒီပုံစံအတိုင်းဆက်သွားရင် အခြေအနေပိုဆိုး လာနိုင်တယ်” လို့ ပြောပါတယ်။

စိုးရိမ်မှုတွေရှိနေပေမယ့်လည်း တချို့က လိုအပ်တာတွေဝယ်ဖို့ Chinatown ကိုလာကြရတယ်လို့ဆိုပါတယ်။

တရုတ်လူမျိုးကျောင်းသူတစ်ဦးကလည်း လန်ဒန်မှာ နှာခေါင်းစည်းတွေတပ်လို့မဖြစ်ဘဲ တပ်ရင် ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်ကြတယ်လို့ ဆိုပါတယ်။ လန်ဒန်မှာက ရောဂါရှိသူ၊ ဖျားနာသူများသာ နှာခေါင်းစည်းများကို သုံးလေ့ရှိကြတာပါ။

တရုတ်နိုင်ငံ ဟူပေပြည်နယ်နဲ့ ဝူဟန်မြို့တို့မှာလည်း လူသန်းပေါင်းများစွာကို မကြုံစဖူး ရောဂါခြေချုပ်နဲ့ အသွားအလာတွေ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly