ဇာတ်မင်းသားကြီး ဦးရဲစိန်၏ သား ဇံဟိန်း စိန်မဟာသဘင်ကို ပြန်လည် အသက်သွင်း တင်ဆက် ကပြမည်

ဇာတ်မင်းသားကြီး ဦးရဲစိန်၏ သား ဇံဟိန်း စိန်မဟာသဘင်ကို ပြန်လည် အသက်သွင်း တင်ဆက် ကပြမည်

ရန်ကုန်၊ အောက်တိုဘာ ၂၉ ။                   ။ သဘင်ဥသျှောင် ဘုရားဒကာကြီး ဂရိတ် ဦးဘိုးစိန် တည်ထောင်ခဲ့သည့် စိန်မဟာသဘင်ကို မင်းသားကြီး ဦးရဲစိန်၏ တစ်ဦးတည်းသော သားဖြစ်သူ ဇံဟိန်းမှ ပြန်လည် အသက်သွင်းကာ တင်ဆက် ကပြသွားမည် ဖြစ်သည်။

ဂရိတ် ဦးဘိုးစိန် တည်ထောင်ခဲ့သည့် စိန်မဟာသဘင်ကို မင်းသားကြီး ဦးရဲစိန်၏ တစ်ဦးတည်းသော သားဖြစ်သူ ဇံဟိန်းမှ စိန်မဟာသဘင် အဖွဲ့ကို ပြန်လည် အသက်သွင်း ခရီးနှင်မည့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၉ရက်တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့သည်။

ဇာတ်မင်းသား ဇံဟိန်းက "စိန်မဟာ ဇာတ်သဘင်ကြီး ပြန်လည် ထူထောင်တာသည် ကျွန်တော် အောင်မြင်ချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ တာဝန်တစ်ရပ်အနေနဲ့ ပုခုံးပြောင်း တာဝန်ထမ်းဆောင်တဲ့ သဘောပါပဲ။ အခု စိန်မဟာသဘင်ကို ကျွန်တော် ပြန်အသက် သွင်းပြီး ကပြ ဖျော်ဖြေမယ်" ဟု ပြောသည်။

စိန်မဟာသဘင်သည် ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်း နိုင်ငံရေးကြောင့် နှင့် မျိုးဆက် လက်ဆင့်ကမ်းနိုင်မှု ကွာဟခဲ့သည့် အတွက် စိန်မဟာသဘင်သည် ပရိသတ် နှင့် ကင်းကွာသွားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဂရိတ် ဦးဘိုးစိန် နှစ် ၁၃၀ ပြည့် အခမ်းအနားမှာတော့ စိန်မဟာ သဘင် ဆိုပြီး ပရိသတ်များက ပြန်လည် သတိထားမိလာခဲ့ ကြသည်။

လက်ရှိမှာတော့ စိန်မဟာသဘင်ကို မင်းသားကြီး ဦးရဲစိန်၏ တစ်ဦးတည်းသော သားဖြစ်သူ ဇံဟိန်းမှ ပြန်လည် အသက်သွင်းပြီး တင်ဆက် ကပြ သွားမည် ဖြစ်သည်။ နောက်ပိုင်း ဇာတ်တော်ကို ပုံစံမတူညီ သည့် ပုံစံမျိုး နှင့် ကပြသွားမည် ဖြစ်သည်။ ပြဇာတ်ပုံစံမျိုးတွေလည်း မြင်တွေ့ရမည် ဖြစ်သလို နောက်ပိုင်း အရသာ စစ်စစ် အဆို၊ အငို၊ အပြော တွေဖြင့် ထည့်သွင်း ဖျော်ဖြေ သွားမည် ဖြစ်သည်။

ဇံဟိန်းက "အဖိုး ဦးဘိုးစိန် ရဲ့ လက်ထက်မှာ အောင်မြင် ခဲ့တဲ့ ဇာတ်ထုပ် တွေကိုလည်း ပြန်လည် ကပြ သွားမှာပါ။ ခေတ်ပေါ် ပုံစံတွေလည်း ပါဝင်မှာပါ။ ပြဇာတ်တွေ နောက်ပိုင်း ပုံစံတွေ နှစ်ပါးသွား ပုံစံမျိုးတွေနဲ့ ပရိသတ်ကို ပြန်လည် ကပြ သွားမှာပါ" ဟု ၎င်းက ထပ်မံ ပြောပြသည်။

စိန်မဟာသဘင် ပွဲဦးထွက် ဖျော်ဖြေမှုအနေဖြင့် ပျဉ်းမနား တပ်ကုန်း၊ လယ်ဝေးတွင် စတင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ရန်ကုန်၊ တောင်ငူ၊ ဥက္ကံ စသည့် နေရာများတွင်လည်း ကပြ ဖျော်ဖြေသွားရန် စီစဉ်ထားသလို နေရာအနှံ့အပြားတွင် ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

ဇံဟိန်းသည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး ဇာတ်သဘင် လောကထဲ ပြန်လည် ဝင်ရောက် ခဲ့သလို စံပြသဘင်တွင် ၂နှစ် ဆက်တိုက် ပါဝင် ကပြဖျော်ဖြေခဲ့ပြီး မြတ်နိုးမှုသဘင်တွင်လည်း ခေါင်းဆောင် မင်းသားအဖြစ် ၅နှစ် ကပြ ဖျော်ဖြေခဲ့သည်။

ဇာတ်မင်းသား အပြင် အမ ဖြစ်သူ တည်ထောင် ထားသည့် စိန်ပန်းမင်း ဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် ဇာတ်ကား တချို့တွင်လည်း ပါဝင် သရုပ်ဆောင်ထားပြီး နောက်ပိုင်းတွင်လည်း ဇာတ်သဘင် တင်ဆက်မှုအပြင် ဇာတ်ကားများကိုလည်း ရိုက်ကူး သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly