ရခိုင်တွင် စာသင်ကျောင်းကိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျောင်းသား၂၀ ကျော်ဒဏ်ရာရ

ရခိုင်တွင် စာသင်ကျောင်းကိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျောင်းသား၂၀ ကျော်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃ ။        ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဘူးသီးတောင်မြို့နယ် ၊ ခမွေချောင်းကျေးရွာ(အမက)မူလွန်စာသင်ကျောင်းတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီး ကျည်ထိမှန် ၍ ကျောင်းသူ၊ ကျောင်း သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်စံကပြောသည်။

ယနေ့မနက် ၉ နာရီကျော်အချိန်ကဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများစာသင်ကြားနေစဉ် ၁၀ နာရီကျော် အချိန်လောက် မှာစာသင် ကျောင်း ကိုလက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်စံက “မနက်ကဘူးသီးတောင်မြို့အရှေ့ဘက် ခမွေချောင်းနားမှာမနက် ၉ နာရီလောက်မှာတိုက်ပွဲဖြစ်တယ်ပြောတယ်။

တိုက်ပွဲဖြစ်ပြီးမကြာခင် ၁၀ နာရီလောက်မှာကလေးတွေကျောင်းတက်ကြတယ်။ ကျောင်းတက်တဲ့အချိန်မှာအမြှောက်ကျည်ဆံကျလာတယ်။ ကျလာတော့ ကလေးတွေ ၂၀ ကျော် ဒဏ်ရာရထားတယ်လို့ သတင်းပို့လာကြ တယ်။”ဟုဦးမောင်ကျော်စံကပြောသည်။

ယနေ့ နေ့လည် ၁ နာရီကျော်အချိန်ခန့်က ဖုန်းဆက်မေးမြန်းခဲ့ရာဒဏ်ရာပြင်းထန်သည့် ကျောင်းသားနှစ်ယောက်သာဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိပြီးကျန်သည့် ကျောင်းသူကျောင်းသား များမှာ ဆေးရုံ သို့ မရောက်ရှိ နိုင်သေးကြောင်းသိရသည်ဟု ၎င်းက ပြောသည်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ၏ပြောရေးဆိုခွင့်ရှိသူခိုင်သုခကယနေ့မနက်ပိုင်းကဘူးသီးတောင်မြို့နယ် အရှေ့ဘက် ကင်းပိုင်ချောင်းကျေးရွာနှင့် တစ်ကီလိုမီတာအကွာလောက်မှာ ၁၅ မိနစ်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းပြောသည်။

“ဘူးသီးတောင်အခြေစိုက် စကခ (၁၅) ဌာနချုပ်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာရော၊ တိုက်ပွဲမဖြစ်ပွားတဲ့နေရာရောအကုန်လုံးကိုလိုက်ပြီးတော့ရမ်းသမ်းပစ်ခတ်တာ။ အဲဒီလိုရမ်းသမ်းပစ်ခတ် တဲ့အချိန်မှာ အဲဒီ ခမွေချောင်းစာ သင်ကျောင်းကိုထိတာ။”ဟုခိုင်သုခကပြောသည်။

ထိုသို့ ပြောဆိုချက်နှင့် ပတ်သက်ပြီးတပ်မတော် သတင်းမှန်ပြန်ကြားရေးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဘူးသီးတောင်မြို့ အရှေ့ဘက်ခြင်းတွင် တည်ရှိသည့် ခမွေချောင်းကျေးရွာသည် ခမီလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီးယခုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် စာသင်ကျောင်းတွင် ကျောင်း သူ၊ ကျောင်းသား ၅၀ ကျော်ခန့်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာလက်ရှိအချိန်ထိတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြားနှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။

အဆိုပါတိုက်ပွဲကြောင့် ဒေသခံတစ်သိန်းကျော် စစ်ဘေးရှောင်နေရပြီးထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းရခိုင်ခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly