မြန်မာအစိုးရမှ တရုတ်နိုင်ငံကိုဆန်လှူရန် ဆန်တန်ချိန် ၂၀၀ အဆင်သင့်ဖြစ်နေ

မြန်မာအစိုးရမှ တရုတ်နိုင်ငံကိုဆန်လှူရန် ဆန်တန်ချိန် ၂၀၀ အဆင်သင့်ဖြစ်နေ

ဖေဖေါ်ဝါရီ ၁၃ ။                  ။ မြန်မာအစိုးရကနေ တရုတ်နိုင်ငံကိုလှူဒါန်းမယ့် ဆန်တန်ချိန် ၂၀၀တင်ပို့နိုင်ရန် အဆင့်သင့်ဖြစ်နေပြီးဝူဟန်မြို့သို့ ရောက်ရှိအောင်တင်ပို့နိုင်မည့် လမ်းကြောင်းကို နှစ်ဖက်အစိုးရဆွေးနွေးညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်ကျော်ဇံ က “ညှိနှိုင်းတုန်းပါပဲ။ သင်္ဘောတင်မယ့်ကိစ္စလေးတွေကအခက်အခဲနည်းနည်းရှိတယ်။ နယ်စပ်ကနေပို့ဖို့ အစီအစဉ်တော့ရှိတယ်။ ဟိုဘက် ဝူဟန်အထိပို့ဖို့ သယ်ယူပို့ဆောင်ရေးနဲ့ တရုတ်ပြည်တွင်းဘက်နဲ့ ညှိနှိုင်းနေတုန်းပါပဲ။ လောလောဆယ်တော့ နည်းလမ်းတွေကို နှစ်ဖက် လုံးကရှာ နေပါ တယ်။ တရုတ်နိုင်ငံဘက်ကလည်းပြောထားတဲ့နည်းလမ်းတွေရှိတယ်။ သင်္ဘောနဲ့ တင်မယ်ဆိုရင် ဆိပ်ကမ်းပိတ်ထားတွေ ဘာတွေနဲ့ နယ်စပ်တွေကနေတဆင့် ဟိုဘက်ကိုပို့နိုင်မယ့် နည်းလမ်းကိုတော့ ရှာဖွေနေပါတယ်။ ဆန်ကတော့ အဆင်သင့်ပါပဲ။ စီးပွားကူးသန်းဘက်မှာဆန်တန်ချိန် ၂၀၀ အဆင်သင့်ရှိနေတာပေါ့။ ပို့မယ့်အချိန်ကိုညှိနှိုင်းနေတဲ့အနေအထားပါ။” ဟုမဇ္ဈိမသို့ ပြောသည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် ဆန်လှူဒါန်းမှုကိုလက်ခံပြီးဆေးပစ္စည်းနှင့် ပတ်သက်မှုများကိုပိုမိုမျှော်လင့်ကြောင်း ၎င်းကပြောသည်။

“အဓိကကတော့ ဗိုင်းရပ်စ်ဖြစ်တဲ့ ဝူဟန်ကိုပို့စေချင်တဲ့ ဆန္ဒရှိတယ်။ ဝူဟန်ကိုရောက်အောင်ပို့ဖို့ သူတို့မျှော်လင့်တာပေါ့။ သူတို့လည်းပို့နိုင်မယ့် နည်းလမ်းလည်းရှာနေကြတာပေါ့။  သူတို့ပြည်တွင်းကိုရောက်သွားဖို့။ ပြည်တွင်းကိုရောက်သွားရင် သူတို့စီစဉ်လို့ရမယ်နည်းလမ်းလေးတွေရှိနေတာပါ။” ဦးအောင်ကျော်ဇံကပြောသည်။

တရုတ်နိုင်ငံသို့မလေးရှားနိုင်ငံကဆေးလက်အိတ်များ၊ ဂျပန်နိုင်ငံမှ Mask နှင့်ကနေဒါနိုင်ငံမှ ကျန်းမာရေးဆိုင်ရာအကာကွယ်ပစ္စည်းများ လှူဒါန်းထားကြောင်းသိရသည်။
တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသောကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတွေအသက်ဆုံးရှုံးမှုတွေဖြစ်ပွားနေရတဲ့အပေါ် မြန်မာအစိုးရနေဖြင့် စာနာထောက်ထားကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

လက်ရှိတွင် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့့် နိုင်ငံပေါင်း ၂၈ နိုင်ငံတွင်လူပေါင်း၁၃၅၇သေဆုံးခဲ့ရပြီး ရောဂါကူးစက်ခံထားရသူ ၆၀၀၀၀နီးပါး ရှိနေပြီဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ဝူဟန်မြို့တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသား ၅၉ဦးကိုလည်း ဖေဖေါ်ဝါရီလ ၂ရက်က အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီးလက်ရှိတွင် မန္တလေးမြို့ ရှိကန် တော် နဒီ ဆေးရုံတွင် ၁၄ ရက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly