IMF ရဲ့ ကြွေးမြီကို ဆိုင်းငံ့ရန် အာဂျင်တီးနားမှာ ထောင်ပေါင်းများစွာ ဆန္ဒပြ

IMF ရဲ့ ကြွေးမြီကို ဆိုင်းငံ့ရန် အာဂျင်တီးနားမှာ ထောင်ပေါင်းများစွာ ဆန္ဒပြ
Photo  - AFP

ဖေဖော်ဝါရီ ၁၃။          ။ စီးပွားရေး ကျုံ့လှီနေတဲ့ အာဂျင်တီးနားနိုင်ငံမှာ သမ္မတ အယ်လ်ဘတ်တိုဖာနန်ဒက်ဇ်က ထိန်းမနိုင် သိမ်းမရဖြစ်နေရတဲ့ နိုင်ငံခြားကြွေးမြီတွေလို့ ဆိုထားတဲ့ ကြွေးမြီပြဿနာ ပြေလျှော့ အဖြေရှာဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီး ဒီ သီတင်းပတ်မှာပဲ ဆွေးနွေးမှုတွေ စတင်တော့ပြီ ဖြစ်ပါတယ်။

သီတင်းပတ်ကြာ ဆွေးနွေးပွဲတွေအတွက် ဗျူနိုအေရိစ်ဆီ IMF ကိုယ်စားလှယ်အဖွဲ့ လာရောက်ချိန်မှာပဲ လက်ဝဲယိမ်းအုပ်စုတွေဟာ ကြွေးမြီပေးချေမှုကို ဆိုင်းငံ့ပေးဖို့ ဖိအားပေးတောင်းဆိုရန် ပြည်သူတွေကို ဆန္ဒပြကြဖို့ တိုက်တွန်းဆော်ဩပါတယ်။

အစိုးရအနေနဲ့ကတော့ ၂၀၁၈ ခုနှစ်အတွင်းက ဝါရှင်တန်အခြေစိုက် IMF ဆီက လူမသိ သူမသိ ချေးငှားထားတဲ့ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ အပါအဝင် နိုင်ငံရဲ့ နိုင်ငံခြားချေးငွေ ဒေါ်လာ ၃၁၁ ဘီလီယံမှာ ဒေါ်လာ ၁၉၅ ဘီလီယံအရေးကို ပြန်လည်ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့်နေပါတယ်။

“အာဂျင်တီးနား အစိုးရရဲ့ စီးပွားရေး အစီအစဉ်တွေနဲ့ နိုင်ငံရေး စီးပွားရေး အလားအလာတွေနဲ့ ပတ်သက်ပြီး ရှိဆဲ ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ရည်ရွယ်ပြီး အာဂျင်တီးနားနိုင်ငံဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာ ဖြစ်ပါတယ်။”လို့ ဝါရှင်တန်က IMF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

“အာဂျင်တီးနားရဲ့ ကြွေးမြီးအခြေအနေကို အစိုးရရဲ့ ချည်းကပ်တဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီးလည်း ပိုမိုသိနားလည်နိုင်ဖို့အတွက် လာရောက်ကြတာလည်း ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

အာဂျင်တီးနား သမ္မတ ဖာနန်ဒက်ဇ်ကတော့ ၅၀ ရာခိုင်နှုန်းကျော် ငွေကြေးဖောင်းပွနေပြီး ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားနေတာကို ခါးစည်းခံနေတဲ့ နိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု မရှိဘဲ အကြွေးပေးချေနိုင်ဖို့ တတ်နိုင်မှာမဟုတ်ကြောင်း အတိအလင်း ဆိုထားတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly