ရွှေကုက္ကို - လျှို့ဝှက်တရုတ်မြို့တော်

ရွှေကုက္ကို - လျှို့ဝှက်တရုတ်မြို့တော်
အဆိုပြုထားသည့် ရွှေကုက္ကို ဖွံ့ဖြိုးရေးစီမံကိန်းအား ပန်းချီဆရာက စိတ်ကူးဖြင့် ရေးဆွဲထားပုံ။

မြန်မာနှင့်ထိုင်းနိုင်ငံအကြား အရေးပါဆုံး ကုန်သွယ်ရေးလမ်းကြောင်းမှာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင်ရှိပြီး မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ချစ်ကြည်ရေးတံတားဖြင့် ဆက်သွယ်ထားသည်။ ထိုသို့ စည်ကားလှသော ကုန်သွယ်ရေးအချက်အခြာ နေရာရှိနေသော်လည်း မကြာသေးမီက ရွှေကုက္ကိုဆိုသည့် စီမံကိန်းသစ်တစ်ခုကို လူမသိသူမသိ တိတ်တဆိတ် စတင်ခဲ့သည်။ ရွှေကုက္ကိုသည် မြဝတီမြို့ မြောက်ဘက် ၁၅ ကီလိုမီတာခန့်တွင် တည်ရှိသည့် တံငါရွာလေးတစ်ရွာသာဖြစ်သည်။ 

သာမန်ကာလျှံကာကြည့်လျှင် ခပ်ခေါင်ခေါင် ကျေးလက်ဒေသ ရွာသိမ်ရွာငယ်လေး တစ်ရွာတွင်ပြုလုပ်သည့် ရွှေကုက္ကို စီမံကိန်းမှာ စိတ်ဝင်စားဖွယ်ရာ မရှိပါ။ သို့သော် အနီးကပ်လေ့လာကြည့်လျှင်မူ စာရှုသူများ အံ့ အားသင့်သွားမည်ဖြစ်သည်။ ယခုတည်နေသောမြို့သည် ဟောင်ကောင်မြို့ပမာဏမျှရှိသည့် မြို့အသစ်စက်စက် ဖြစ်သည်။ တရုတ်အစိုးရက ထောက်ပံ့သည့်ငွေဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လူမသိသူမသိ တည်ဆောက်နေခြင်း၊ စိစစ်ကြီးကြပ်မှု မရှိ တည်ဆောက်နေခြင်း ဖြစ်သည်။ 

မြန်မာစီမံကိန်းဟု အပေါ်ယံဘန်းပြထားသော်လည်း အမှန်စင်စစ် တရုတ်အစိုးရ၏ နယ်မြေချဲ့ထွင်ရေး စီမံကိန်းတစ်ခု ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ်သည့်များပြားလှသော ငွေပမာဏ ၂၃.၃၅ ထရီလီယံကျပ် (အမေရိကန် ၁၅ ဘီလီယံဒေါ်လာ) ရရှိခဲ့သည်ကိုကြည့်လျှင် ဤအချက်မှာ မြင်သာပါသည်။ တရုတ်၏ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းများတည်ဆောက်ပုံအတိုင်းပင် ပေကျင်းရှိ အစိုးရဗျူရိုကရေစီ ယန္တရား၏ လက်တံတစ်ခုက လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယခုစီမံကိန်းတွင် ယာထိုင်းအုပ်စု တည်ဆောက်ရေးလုပ်ငန်း (Yatai Group ) က လုပ်ကိုင်လျက်ရှိသည်။ သို့သော် ထိုအုပ်စု၏ ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ ယခင် ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းရာဇဝင်ကိုသော်လည်းကောင်း လူသိရှင်ကြားထုတ်ပြန်ထားသည်မှာ အနည်းအကျဉ်းသာ ရှိသည်။ 

ရွှေကုက္ကိုတွင် အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ရန် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယာထိုင်းအုပ်စုကို ၂၀၁၈ခုနှစ် နှစ်လယ်ကခွင့်ပြုပေးခဲ့သည်။ မူလစီမံကိန်းတွင် ၂၅ ဧကဟုသာ သတ်မှတ် ထားသော်လည်း နောက်ပိုင်းတွင် သတ်မှတ်ချက်ကို များစွာကျော်လွန်၍ လက်ရှိတွင် ဧက ၅၀ အထိ ရှိလာသည်။ စီမံကိန်း နောက်ဆုံးပြီးဆုံးချိန်တွင် ဧက ၃,၀၀၀ နီးပါးရှိလာမည်ဖြစ်ပြီး လေယာဉ်ကွင်း၊ ကာဆီနို လောင်းကစားရုံများ၊ တက္ကသိုလ်များ၊ ရုံးခန်းများ၊ နေအိမ်တိုက်ခန်းများနှင့် မြို့အင်္ဂါရပ်နှင့် ကိုက်ညီစေရန် လိုအပ်သည့် တည်ဆောက်မှုများအားလုံးပါဝင်မည်ဖြစ်သည်။ 

ဘယ်သူတွေနိုင်လို့ ဘယ်သူတွေ ရှုံးသလဲ။

ဆင်းရဲ ခေတ်နောက်ကျသည့် ကျေးလက်ဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ခြင်းမှာ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် လူနေမှုအဆင့်အတန်း တိုးတက်လာမည်ဖြစ်သဖြင့် သာမန်အားဖြင့် ကြိုဆိုရမည့်အရာ ဖြစ်သော်လည်း ယခုကိစ္စရပ်တွင်မူ အကျိုးကျေးဇူးခံစားရမည့်သူများမှာ မြန်မာပြည်သူများ မဟုတ်သည်မှ ာရှင်းလင်းသိသာလှသည်။ စီမံကိန်းဧရိယာအတွင်းမှ ဒေသခံပြည်သူများထို ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် နေရာမှ ဖယ်ရှားပေးခဲ့ရပြီးဖြစ်သည်။ ယင်းအတွက် လျော်ကြေးရရှိသည်ဆိုလျှင်ပင် မဆိုစလောက် ပမာဏမျှသာ ရရှိခဲ့ကြသည်။ စီမံကိန်းအတွက် လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းအားလုံးကို တရုတ်နှင့် ထိုင်းမှ ယူဆောင်လာကြသည်။ စီမံကိန်းအတွက် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကိုလည်း မြန်မာနိုင်ငံမှ လုပ်သားများကို အသုံးမပြုဘဲ ထောင်နှင့်ချီသော တရုတ်အလုပ်သမားများကို ရွှေကုက္ကို စီမံကိန်းလုပ်ငန်းရှိရာသို့ ခေါ်ဆောင်လာကြသည်။ 

တစ်စတစ်စ တိုးပွားလာနေသော တရုတ်လုပ်သားများနှင့် သူတို့နှင့်အတူပါလာသော မိသားစုများကြောင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေသည်။ ယခုအခါ ရွှေကုက္ကိုတွင် နေထိုင်သူဦးရေမှာ သန်းဝက်ခန့်အထိပင်ရှိနေပြီဟု ခန့်မှန်းထားကြသည်။ ထို ၅၀၀,၀၀၀ မျှရှိသော လူဦးရေတွင် အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။ စီမံကိန်းဧရိယာအတွင်း မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို ပိုမိုသိရှိနိုင်စေရန် မီဒီယာနှင့် ဒေသခံ ပြည်သူများ လာရောက်လေ့လာခွင့်ကို တရုတ်လုံခြုံရေးများက တားဆီးပိတ်ပင်ပင်မှုများ ပြုလုပ်နေသည့် အတွက် အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းများအကြောင်း ပွင့်လင်းမြင်သာမှုများ မရှိသည့်အတွက် စိုးရိမ်ပူပန်မှုများမှာ လျော့ပါးသက်သာသွားသည်ဟူ၍ မရှိပေ။ ရွှေကုက္ကို ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အခိုင်အမာ တည်ရှိပြီးဖြစ်သည့် မြဝတီမြို့အပေါ်  မည်သည့် ဆိုးကျိုးများ သက်ရောက်နိုင်သည်ကိုလည်း အသေအချာ ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ 

ရွှေကုက္ကို တွင် ဆောင်ရွက်နေသည့် ကြီးမားလှသည့် တရုတ်ဖွံ့ဖြိုးရေးစီမံကိန်းကြီးများမှာ မြန်မာတနိုင်ငံထဲတွင်သာ ဆောင်ရွက်နေခြင်းမဟုတ်ပေ။ တရုတ်အစိုးရက ဒေသကြီးအတွင်း ဆောင်ရွက်နေသည့် နယ်မြေချဲ့ထွင်ရေး လမ်းကြောင်းကြီး တစ်ရပ်၏ အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်သည်။ ယင်းမှာ တရုတ်ဗဟိုပြုဖွံ့ဖြိုးရေးစီမံကိန်းများကို အိမ်နီးချင်းနိုင်ငံများတွင် တရုတ်က အဆိုပြုပြီး တရုတ်ဘဏ္ဍာရေး အထောက်အပံ့ဖြင့် တည်ဆောက်ကာ ကုန်သွယ်ရေး မျက်နှာဖုံးတပ်ဆင် လုပ်ဆောင်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စီမံကိန်း ပမာဏအလွန်ကြီးမားခြင်း၊ ထောင်ပေါင်းများစွာသော တရုတ်နိုင်ငံသားများ ရောက်ရှိလာခြင်းတို့ကြောင့် အဆိုပါဖွံ့ဖြိုးရေးစီမံကိန်းများမှာ အမှန်စင်စစ် ရင်းနှီးမြှုပ်နှံမှုကို အလေးပေးသည့် လုပ်ငန်းများမှ ဟုတ်ပါရဲ့လား၊ သို့မဟုတ် အိမ်ရှင်နိုင်ငံများအဖို့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နေသည့် လုပ်ငန်းများလားဟု မေးခွန်းထုတ်စရာများ ပေါ်လာခဲ့သည်။ ရွှေကုက္ကိုလ်တွင် တကယ်ဖြစ်နေသည်ကိုကြည့်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာသော နိုင်ငံခြားအထောက်အပံ့ဖြင့် ထောင်ပေါင်းများစွာသော တရုတ်အလုပ်သမားများက မြန်မာ့မြေပေါ် တွင် စနစ်တကျ စိစစ်ခြင်းမခံရဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရသည်။  ထိုအချိန်တွင် မြန်မာနိုင်ငံသားများမှာမူ ထိုဖွံ့ဖြိုးရေးစီမံကိန်းများမှ ရသင့်ရထိုက်သည့် အခွင့်အလမ်းနှင့် အကျိုးခံစားခွင့်များမရကြဘဲ နေထိုင်နေကြရသည်။ 

(ဦးဘတင် သည် ဒေသခံဆောင်းပါးရှင်တဦး၏ အမည်ဝှက်ဖြစ်သည်။ ဤဆောင်းပါးတွင်ဖော်ပြပါရှိသည့် အမြင်များမှာ မဇ္ဈိမမီဒီယာ ၏ အာဘော် မဟုတ်ပါ။)

Mizzima Weekly