အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးစဉ် သုံးသည့် ဓာတ်ကူပစ္စည်းများကို မြန်မာသို့ ပို့ပေးမည်

အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးစဉ် သုံးသည့် ဓာတ်ကူပစ္စည်းများကို မြန်မာသို့ ပို့ပေးမည်
ဓာတ်ပုံ - ဆုမြတ်မေဇော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။          ။ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးရာ၌ လိုအပ်သည့် ဓာတ်ခွဲခန်းသုံး ဓာတ်ကူပစ္စည်း ၅၀၀ ခန့်ကို  အမေရိကန်နိုင်ငံ ကူးစက် ရောဂါ ထိန်းချုပ်ရေးဌာန(USCDC)က မြန်မာနိုင်ငံရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းသို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပို့ဆောင်ပေးသွားမည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

“ ၁၇ ရက်နေ့မှာ အမေရိကန်က ပရော်ဖက်ဆာလာမယ် ၁၈ မှာ Training ပေးပြီး ၁၉ ရက်ဆိုရင်တော့ ဒီလုပ်ငန်းတွေကို စတင် လုပ်ကိုင်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဓာတ်ခွဲခန်းသုံး ဓာတ်ကူပစ္စည်း ၅၀၀ ခန့်သည် လူ ၁၂၅ ဦးကို ကိုရိုနာ ဗိုင်းရပ်စ် ရှိ/မရှိ ဓာတ်ခွဲခန်း ရလဒ်ကို စစ်ဆေးပေးနိုင်သော ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။  

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “အစ်မတို့မှာက စစ်လို့ရတဲ့ PCR ဆိုတဲ့ စက်က ရှိပြီးသားပါ၊ အဲ့စက်ထဲကို ထည့်စစ်ရတဲ့ ပစ္စည်းလေးတွေပဲ လိုနေတာ ကြောင့် စစ်လို့ မရသေး တာပါ”ဟု  ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စစ်ဆေးရန် ဓာတ်ခွဲခန်းသုံးပစ္စည်း လိုအပ်မှုရှိသောကြောင့် ထိုင်းနိုင်ငံက World Health Organization(WHO)  အသိအမှတ်ပြု ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးနေရကြောင်း သိရသည်။

ထို ဓာတ်ခွဲခန်းသို့ ပို့ထားသော စောင့်ကြည့် လူနာ ၁၃ ဦး၏ ဓာတ်ခွဲခန်း ရလဒ်များကိုလည်း စောင့်ဆိုင်းနေရကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းက ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စစ်ဆေးရာတွင် သံသယ လူနာများကို အဓိက ဦးစားပေး စစ်ဆေးသွားမည်ဟု ဒေါက်တာ ခင်ခင်ကြီးက ဆိုသည်။

“စစ်ချင်တဲ့ သူတိုင်းကို စစ်ပေးမှာ မဟုတ်ပါဘူး၊ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ဆေးရုံတွေ၊ လေဆိပ်တွေ အဲ့ဒီမှာတွေရတဲ့ သံသယ လူနာတွေကိုပဲ စစ်မှာပါ”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံသို့ ဓာတ်ကူပစ္စည်း ၁၀၀ စီ ပို့ဆောင်ပေးထားပြီး အမေရိကန်မှ ပို့ဆောင်ပြီး ပါက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စတင်ကာ လူ ၁၇၀ ကျော်ကို စစ်ဆေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly