AFC Cup 2020 အုပ်စု (ဇ)အဖွင့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ကာယားအက်ဖ်စီအသင်းကို ရှုံးနိမ့်

AFC Cup 2020 အုပ်စု (ဇ)အဖွင့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ကာယားအက်ဖ်စီအသင်းကို ရှုံးနိမ့်
ပုံ- ရှမ်းယူနိုက်တက်အက်စ်စီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။                 ။ AFC Cup 2020 အုပ်စု(ဇ)၏ အဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ကာယားအက်ဖ်စီအသင်းတို့ ကို သုဝဏ္ဏဘောလုံးကွင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်က ယှဉ်ပြိုင် စဉ် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းသည် ဧည့်သည် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ရှမ်းယူနိုက်တက်သည် ယနေ့ပွဲမှာ (ဂိုး)သီဟစည်သူ၊ နောက်တန်းတွင် တစ်နှစ်တာ အကောင်းဆုံးဆုရ ဒေးဗစ်ထန်၊ နန္ဒကျော်တို့နှင့် အတူ ကွင်းလယ်မှာ မက်ဆီမင်၊ ရန်နိုင်ဦး၊ ယာကူဘူ ရှေ့တန်းမှာ ထက်ဖြိုးဝေကိုထား၍ ၄-၅-၁ ကစားကွက်ကို ခင်းကျင်းကာ ဧည့်သည် ဖိလစ်ပိုင်ကလပ် ကာယားအသင်းအား ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပထမပိုင်း ပွဲကစားချိန် အစပိုင်း မိနစ်များမှာ ဧည့်သည်အသင်းက ဖိအားပေး ကစားခဲ့သော်လည်း ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် မရှိဘဲ မိနစ် ၂၀ ထိ ကွင်းလယ်နားမှာ လူပေး ကစားရင်ဖြင့်သာ ကစားကွက်ဖော်နေခြင်းကြောင့် ပြိုင်ပွဲသည် အေးစက် နေခဲ့သည်။  

၂၅ မိနစ် အရောက်မှာတော့ ရှမ်းယူနိုက်တက်၏ ကွင်းလယ်ကနေ မက်ဆီမင် တင်ပေးလိုက်သည့် ဘောလုံးကို နန္ဒကျော် က ဘယ်တောင်ပံ တောက်လျှောက် ပြေးထွက်ပြီး ဂိုးကန်သွင်းခွင့် ရခဲ့ပေမယ့် တစ်ဖက်က ဂိုးသမားက ကာကွယ်သွားခဲ့ သည်။

ဆက်တိုက်ဆိုသလို ရှမ်းယူနိုက်တက်က တိုက်စစ်ဆင် ကစားခဲ့သော်လည်း ဂိုးကံ ခေနေခြင်းကြောင့် ဂိုး ရယူနိုင်ခဲ့ခြင်း မရှိဘဲ ပထမပိုင်း အချိန်ပို နောက်ဆုံးမိနစ်တွင် ဧည့်သည် ဖိလစ်ပိုင်အသင်းက ပြစ်ဒဏ်ဘောကနေတဆင့် ခေါင်းတိုက် သွင်းယူခဲ့ရာ ဂိုးဘေးနားက ကပ်ထွက်ခဲ့ခြင်းကြောင့် ရှမ်းယူနိုက်တက်အသင်း သက်သာသွားခဲ့သည်။

ထို့ကြောင့် ပထမပိုင်း အပြီးမှာတော့ နှစ်ဖက် ဂိုးမရှိ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ကြသည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ ရှမ်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုး ရရှိရန် ပိုကြိုးစားလာခဲ့ပြီး ၄၉ မိနစ်မှာ ရှမ်းအသင်း တိုက်စစ်ဆင်နေရာကနေ ယာကူဘူ ဂိုးသမားနှင့် တစ်ဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းရာမှာ တိုင်ထိ ထွက်ခဲ့ သည်။

ပွဲကစားချိန် ၇၃ မိနစ်အရောက်တွင် ရှမ်းယူနိုက်တက်၏ နောက်တန်းကစားသမား ဒန်နီရယ်မှ မိမိတို့၏ ဂိုးဧရိယာထဲမှာ ပြိုင်ဘက် ကစားသမား အမီတာကို ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့ခြင်းကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးခဲ့ရသည့်အတွက် ထို ပင်နယ်တီကနေ ဦးဆောင်ဂိုးပေးလိုက် ရသည်။

ဦးဆောင်ဂိုး ပေးခံရပြီးနောက် ရှမ်းယူနိုက်တက်အသင်းသည် တရစပ် တိုက်စစ်ဆင် ကစားခဲ့သော်လည်း တိုက်စစ်မှူးများ၏ အဆုံးသတ် အားနည်းမှုကြောင့် ချေပဂိုး မရရှိခဲ့ဘဲ ပွဲကစားချိန် ၈၄ မိနစ်မှာ ဧည့်သည်အသင်း၏ တန်ပြန် တိုက်စစ်ကနေ တဆင့် ဒုတိယဦးဆောင်ဂိုးကို ထပ်မံပေးခဲ့ရသည်။

လက်ကျန်ပွဲ ကစားချိန်များမှာတော့ ရှမ်းယူနိုက်တက် အသင်းအနေနှင့် ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ အုပ်စု အဖွင့် ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly