တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာနဲ့ တည်ဆောက်ကြရန် ဦးဟံသာမြင့်ပြော

တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာနဲ့ တည်ဆောက်ကြရန် ဦးဟံသာမြင့်ပြော
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။               ။ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို မိမိကိုယ်ကျိုးစီးပွားကို အခြေမခံဘဲ ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာ တည်ဆောက်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား သဘာပတိမိန့်ခွန်းတွင် အထက်ပါ အတိုင်းထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က "တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ရာမှာ အပြော သက်သက်မဟုတ်၊ နိုင်ငံရေး ကြွေးကြော်သံများ၊ စကားလုံး အလှအပများ သက်သက်နဲ့ မဟုတ်ဘဲ၊ တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ သမိုင်းဆိုင်ရာ ပကဓိ အခြေအနေများကို မိမိကိုယ်ကျိုးစီးပွား သက်သက်ကို အခြေမခံဘဲ ဆန္ဒစွဲ၊ လူမျိုးစွဲ ကင်းစွာနဲ့ ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်ပြီး လက်တွေ့ကျကျ အောင်မြင်သည်အထိ တည်ဆောက်ကြပါစို့"ဟု ပြောသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စု ပြဿနာအား ဖြေရှင်းရန် စဉ်းစားကြသည့်အခါ၌ နှစ်ပေါင်း (၇၀)ကျော် စွဲကပ် လာခဲ့သည့် ဆန္ဒစွဲ၊ လူမျိုးစွဲ၊ သမိုင်းဆိုင်ရာ အတွေ့ကြုံများနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲ နေသော အမျိုးသားရေး ပြဿနာများကိုပါ ပေါင်းစပ် ခြုံငုံသုံးသပ်လျက် ဓမ္မဓိဋ္ဌာန်ကျကျ အဖြေရှာနိုင်ရန် ကြိုးစားကြရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်ထောင်စုနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော “ပြောတာတွေကတော့ ဟိုလူပြော ဒီလူပြော ပြောကြတာပါပဲ။ အဓိကက လက်တွေ့လုပ်ကြဖို့ပါပဲ။ တိုင်းရင်းသား တန်းတူရေးဆိုတာ တိုင်းရင်း သားတွေရဲ့ ဘဝကို နားလည်ဖို့ လက်တွေ့လုပ်ပြဖို့ သဘောထားကြီးဖို့ ဘယ်လိုခေါ်မလဲ စကားလုံးလှလှတွေနဲ့ အက်ကြောင်းထပ်နေအောင် ဖြစ်နေပြီ”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်း(ယာယီ)နှင့် မူဝါဒ သဘောထားများ(မူကြမ်း)တွင် တိုင်းရင်းသား လူမျိုးများ၏ ပြဿနာကို ဦးစားပေး အလေးထားကာ ဖြေရှင်းကြမည်နှင့် တိုင်းရင်းသား လူမျိးများ၏ မွေးရာပါ လူ့အခွင့်အရေး ခံစားပြည့်ဝရေးနှင့် ပြည်ထောင်စုကြီး တစ်ခုလုံး သာယာဝပြောရေးကို သဟဇာတဖြစ်စေမည့် မူကို လက်ကိုင်ကျင့်သုံး၍ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ထုတ်မည်ဟု ရေးသား ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသား လူမျိုးများအားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ထား စေတနာဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တစ်ဦးအယူအဆကို တစ်ဦးက လေးစားခြင်း၊ အခြေခံ လူ့အခွင့်အရေးများ ကို လေးစားယုံကြည်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးတည်ထွန်းစေလိုသော ဆန္ဒအား လိုက် လျောခြင်းတို့ကို အခြေပြုလျက်၊ အကောင်းဆုံး အဖြေရရှိသည်အထိ ကြိုး ပမ်းမည်ဟူ၍လည်း ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly