ပါဂျောင် တွင် ကျဆုံးခဲ့သူများအတွက် ၂၈ နှစ်မြောက်အထိမ်းအမှတ် ပြုလုပ်

ပါဂျောင် တွင် ကျဆုံးခဲ့သူများအတွက် ၂၈ နှစ်မြောက်အထိမ်းအမှတ် ပြုလုပ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀။               ။ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် သတ်ဖြတ်ခံခဲ့ရသည့် ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ ကျဆုံးခြင်း (၂၈) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ရှိ အထိမ်းအမှတ် ရင်ပြင်တွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

ထိုအခမ်းအနားတွင် ကျဆုံးကျောင်းသားရဲဘော်များအားရည်စူး၍ ဆွမ်းကပ်ခြင်း မေတ္တာပို့ အမျှအတမ်းပေးဝေခြင်း နှင့် ကျန်ရစ်ခဲ့သော ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများက အမှတ်တရ စကားပြောခြင်း တို့ကို ပြုလုပ်ခဲ့ကြသည် ။

"ခုဟာက အချင်းချင်း သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တစ်ခုပါ ။ ဒီဖြစ်ရပ်မှာ သတ်ဖြတ်ခံပြီး ကျဆုံးခဲ့တဲ့ ရဲဘော်တွေ လွမ်းဆွတ်သတိရခြင်းအဖြစ် ခုလို အခမ်းအနား လုပ်တာပါ။ ဒီအထိမ်းအမှတ်ပွဲကို ၂၀၁၂ ခုနှစ်ကနေစတင်ပြီး ကျန်ရစ်သူတွေ စုပေါင်းပြီးလုပ်ခဲ့ကြတာပါ "ဟု ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း တစ်ဦးဖြစ်သည့် ကိုညီညီကျော် က ပြောသည်။

၁၉၉၂ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF - NB) အဖွဲ့ဝင် ၁၀၀ ကျော်အား ထောက်လှမ်းရေးဟု စွပ်ဆွဲကာ ဖမ်းစီးစစ်ဆေးခဲ့သည် ။ ထိုသို့စစ်ဆေးမှုများပြုလုပ်ရာတွင် လူ့အခွင့်အရေးအား ချိုးဖောက်သည့် လုပ်ရပ်များကိုကျူးလွန်ခဲ့ပြီး ကျောင်းသား ၃၅ ဦး အသက်ပေးခဲ့ရသည်။

အသတ်အဖြတ်ခံ ကျဆုံးခဲ့သည့် ကျောင်းသားရဲဘော်များကို ယခုလက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အနေဖြင့် အသိအမှတ်ပြုစေလိုသည်ဟု မြောက်ပိုင်း ကျောင်းသား ရဲဘော် ဟောင်းများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly