နတခတိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးကို စရဖချုပ်အဖြစ် တပ်မတော်က တာဝန်ပြောင်းလဲ ခန့်အပ်

နတခတိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးကို စရဖချုပ်အဖြစ် တပ်မတော်က တာဝန်ပြောင်းလဲ ခန့်အပ်
ပုံ- ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ (ဝက်ဆိုဒ်)  စစ်ဘက်ဆိုင်ရာ အရာရှိချုပ်ဖြစ်လာသူ ဗိုလ်ချုပ် ရဲဝင်းဦးကို တွေ့ရစဉ်။

ဖေဖေါ်ဝါရီလ ၁၂ရက်။            ။ ပြည်ထဲရေးဝန်ကြီးအဖြစ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်လိုက်သည့်အတွက် လစ်လပ်နေသော ၎င်းနေရာတွင် အနောက်တောင်တိုင်း စစ်ဌာန ချုပ်(နတခ)တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးကို စရဖချုပ်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။

တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နတခ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦး ကို ဖေဖော်ဝါရီ ၁၁ ရက်က စအဖ အရာရှိချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်ဟု မဇ္ဈိမသို့ ပြောသည်။

 “နတခ တိုင်းမှူးကို စစ်ဘက် ရေးရာ အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။ မနေ့က ခန့်အပ်လိုက်တယ်လို့ သိရပါတယ်” ၎င်းက ပြောသည်။

ဗိုလ်ချုပ် ရဲဝင်းဦးသည် OTS-77  ဆင်းတစ်ဦးဖြစ်ပြီး တပ်မမှူး တာဝန်များကိုလည်း ထမ်းဆောင်ဖူးကြောင်း သိရသည်။

OTS-77 သည် စစ်တက္ကသိုလ် အပတ်စဉ် DSA ၃၀-၃၁ တို့နှင့် ညီမျှကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းမှ သိရသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက“ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲလုပ်တယ်၊ တပ်မတော် စစ်ဘက်ရေးရာ အရာရှိချုပ် ဆိုတာလည်း တပ်မတော်ရဲ့ ထောက်လှမ်းရေး ကိစ္စတွေကို တာဝန်ယူရ တဲ့ အရေးပါတဲ့ အရာ တစ်ခုဖြစ်တယ်။ ဒါကမရှိမဖြစ် ချက်ချင်း ခန့်ရမယ့် အနေအထားဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း ဒါက သင့်တော်တဲ့ သူမို့လို့သာ ဒီဟာကို ခန့်အပ်လိုက်တယ်လို့ မြင်တယ်။တပ်မတော်အတွက်တော့ ဒီနေရာက အရေးကြီးတဲ့နေရာပါ” ဟု မဇ္ဈိမသို့ ပြောသည်။

ဖေဖော်ဝါရီ ၄ ရက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို နိုင်ငံတော်သမ္မတက မူလ စစ်ဘက်ဆိုင်ရာ တာဝန်များ ထမ်းဆောင်ခွင့် ပြုလိုက်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်ကို ဖေဖော်ဝါရီ ၆ ရက်မှာ အစားထိုး ခန့်အပ်လိုက်သည်။

ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးကို လစ်လပ်နေသော စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နေရာမှာ အစားထိုး တာဝန်ယူရန် ဖေဖော်ဝါရီ ၁၁ ရက်က ခန့်အပ်ခဲ့ သလို ဗိုလ်ချုပ် ရဲဝင်းဦး၏ နေရာကိုတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ မှ လက်ရှိ တပ်မတော် ဆေးတက္ကသိုလ် ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ တာဝန်ယူရန် ရှိသည်ဟု စစ်ဘက်နှင့်နီးစပ်သူများထံမှ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ၂၀၁၉ ခုနှစ်၊ မေလကလည်း ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်တို့ကို နေရာ ပြောင်းလဲ တာဝန် ပေးအပ်မှုများလည်း ပြုလုပ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required