နိုင်ငံနှင့်ကိုက်ညီသော ဖွဲ့စည်းပုံ ပေါ်ထွန်းရေး ကြိုးပမ်းရန် သမ္မတ ထပ်မံတိုက်တွန်း

နိုင်ငံနှင့်ကိုက်ညီသော ဖွဲ့စည်းပုံ ပေါ်ထွန်းရေး ကြိုးပမ်းရန် သမ္မတ ထပ်မံတိုက်တွန်း
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။              ။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတော်အတွက် အသက်သမျှ အရေးပါသည့်အတွက် နိုင်ငံနှင့်ကိုက်ညီသော ဖွဲ့စည်းပုံ ပေါ်ထွန်းရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထပ်မံ တိုက်တွန်း လိုက်သည်။

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် ဖေဖော်ဝါရီ ၁၂ ရက် နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ခဲ့ကာ အထက်ပါအတိုင်း တိုက်တွန်း ထား ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဖတ်ကြားပြခဲ့သည်။

“ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ဒီမိုကရေစီ စံချိန်စံညွန်းများနှင့်အညီ နိုင်ငံ တော်၏ ပကတိအခြေအနေ အနာဂတ် မျှော်မှန်းချက်တို့နဲ့ ကိုက်ညီသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်း ပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်” ဟု သမ္မတက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

သမ္မတဦးဝင်းမြင့်သည် ပြီးခဲ့သည့် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့တုန်းကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝိုင်းဝန်း ကြိုးပမ်း ပြင်ဆင်ကြရန် တိုက်တွန်း ခဲ့သေးသည်။

ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတို့ကို တိုင်းရင်းသားအားလုံး ခံစားနိုင်ပြီး စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်နိုင်မည်ဟုလည်း သမ္မတက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ မန်းမြင့်စိန်က  “ အထူးသဖြင့် အခြေခံဥပဒေ မပြင်ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သွားလို့မရဘူး၊ သွားလို့မရတဲ့အတွက် အခြေခံ ဥပဒေ ကို ပြင်ကိုပြင်ရမယ်၊ ဒါလည်း လက်ရှိအစိုးရအဖွဲ့က ကြိုးစားနေ ပါတယ်။ တိုင်းပြည် ကောင်းစားရေး အတွက်ဆိုလည်း တခြား ဘယ်အဖွဲ့အစည်းမှ ကန့်ကွက်စရာလည်း မလိုပါဘူး။ တိုင်းပြည်မျက်နှာကြည့် မယ်ဆို ရင်”ဟု ပြောသည်။

ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

လက်ရှိမှာတော့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ရေးနှင့်ပတ်သက်ပြီး ၄၅ ဦး ပူးပေါင်းကော်မတီကနေတဆင့် ကြိုးပမ်းလျက်ရှိနေသည်။

တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တောင်တန်း/ ပြည်မ မခွဲဘဲ လွတ်လပ်ရေး ရရန် ပင်လုံစာချုပ် လက်မှတ်ရေး ထိုးခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ် ကာ နှစ်စဉ်ဂုဏ်ပြု ကျင်းပနေခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီး ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားသို့  ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် တိုင်ရင်းသား ညီအစ်ကို/မောင်နှမများတက်ရောက် ခဲ့ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly