ဘေဘီလေး က ၁ လ ကနေ ၃ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

ဘေဘီလေး က ၁ လ ကနေ ၃ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီအချိန်မှာ ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အရင်ကအပတ်တွေကနဲ့ မတူတော့တာ အမှန်ပါပဲ။ ဒီကာလမှာ ဘေဘီလေး က

  • ကိုယ်အလေးချိန် – ပျမ်းမျှအားဖြင့် တစ်လကို ၁ ပေါင်ခွဲခန့်တက်လာပါမယ်။
  • အရပ်အမြင့် – တစ်လကို ၁ လက်မစီတိုးရပါမယ်။
  • ဦးခေါင်းအရွယ်အစား – တစ်လကို လက်မဝက်စီလောက် တိုးလာရပါမယ်။ ဒါက ဘေဘီလေး တစ်ယောက်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှု ဖြစ်စဉ်ပါ။
  • ဒီအရွယ်မှာ ဘေဘီလေး က ဘာတွေလုပ်တတ်ပြီလဲ…………

ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ် စတင်နေပါပြီ။ ဒီကာလကစပြီး မေမေဖဖေတို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဘေဘီလေးရဲက တိုးတက်မှုတွေကို မြင်တွေ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ကြွက်သားတွေက အရင်ကထက် သန်မာလာပြီး လှုပ်ရှားမှုတွေပိုလုပ်နိုင်လာပါပြီ။ ခြေလက်တွေကိုလည်း အရင်ကထက် ကွေးနိုင်ဆန့်နိုင်လာပါပြီ။ ဒီကာလ အပိုင်းအခြားမှာ ဘေဘီလေးက

  • • အရင်မွေးစကလို အမှုမဲ့ အမှတ်မဲ့လှုပ်ရှားမှုမျိုးတွေ သိပ်မရှိတော့ဘူး
  • • လည်ပင်းကကြွက်သားတွေ သန်မာလာပြီ။ ခေါင်းထောင်ဖို့ စကြိုးစားနေပါပြီ။
  • • မှောက်ရက်အနေအထားမှာ ခေါင်းကို ဘယ်ညာလှည့်နိုင်ပြီ
  • • ပစ္စည်းတွေကို လက်နဲ့ယူပြီး ပါးစပ်ဆီထည့်နိုင်ပြီ
  • • လက်တွေကို ကြည့်တတ်နေပြီ
  • • မျက်နှာတွေ၊ အလင်းရောင်နဲ့ အရာဝတ္ထုတွေကို လိုက်ကြည့်တတ်နေပြီ
  • • ဂျောက်ဂျက်တွေကို လှုပ်ပြီးဆော့တတ်ပြီ။ ပစ္စည်းလေးတွေကို ပစ်ချတတ်ပြီ
  • • ခြေထောက်တွေ စလှုပ်ရှားတတ်ပြီ။

၃ လပြည့်တဲ့အခါ –

  • • ခေါင်းကို သေသေချာချာမတ်မတ်ထောင်နိုင်ပြီ။
  • • လိုချင်တဲ့ ပစ္စည်းတွေဆီရောက်အောင် လက်လှမ်းတတ်ပြီ။
  • ဘေဘီလေးက ဘာတွေပြောနိုင်ပြီလဲ………..

ဒီကာလက မိဘတိုင်းရဲ့ စိတ်အလှုပ်ရှားရဆုံးကာလပါ။ ဘေဘီလေးက မေမေဖေဖေတို့နဲ့ ဆက်ဆံမှုတွေလုပ်နိုင်လာပါပြီ။

  •     စကားလုံးတွေကို စမှတ်သားတတ်နေပါပြီ။
  •     ပါးစပ်ကနေ အသံလေးတွေ စထွက်တတ်နေပါပြီ
  •     ငိုတဲ့အခါတိုင်းမှာ အဓိပ္ပါယ်တစ်မျိုးစီရှိနေပါတယ်။ ဆာလို့ ငိုတာ၊ အိပ်ချင်လို့ ငိုတာတွေတစ်ခုချင်းစီမှာ ကွဲပြားမှုတွေရှိနေပါတယ်။

ဘေဘီလေးတွေက ဘာတွေနားလည်နေပြီလဲ…………

ဒီကာလမှာ ဘေဘီလေးရဲ့ နားလည်နိုင်စွမ်းကလည်း တိုးတက်လာပါပြီ။ ဒီအချိန်မှာ ဘေဘီလေးက သူ့ရဲ့ milestone တွေကို စတင်စိုက်ထူနိုင်ပါပြီ။

  • • မိသားစုဝင်တွေရဲ့ အသံတွေကိုနားလည်နေပါပြီ။ (အထူးသဖြင့် ဖေဖေနဲ့မေမေ့ရဲ့ အသံတွေကိုပါ။)
  • • ပြုံးပြတတ်ပြီ။
  • • အသံတွေကို ပိုထွက်တတ်လာတာနဲ့အတူ လက်တွေခြေတွေကို လိုသလို လှုပ်တတ်နေပါပြီ။
  • မေမေနဲ့ဖေဖေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ……..

ဒီအရွယ်မှာ ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့

  • • ဘေဘီလေးနဲ့ မျက်နှာချင်းဆိုင်ကြည့်ပြီး မျက်လုံးချင်းဆုံကြည့်ပေးပါ
  • • အဝတ်အစားဝတ်ပေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါ၊ ထမင်းခွံတဲ့အခါ နဲ့ ကလေးနဲ့ကစားတဲ့အချိန်မျိုးမှာ ချိုချိုသာသာ စကားပြောပေးပါ
  • • ကလေးကို သီချင်းဆိုပြပါ
  • • ကလေးကို အသံထွက်တဲ့ အရုပ်ပျော့ပျော့လေးနဲ့ ပေးကစားပါ
  • • ကလေးကို တိရစ္ဆာန်အသံတုလေးတွေလုပ်ပြပါ
  • • ကလေးကို ရုပ်ပုံလေးတွေပြပေးပါ
  • • ကလေးရဲ့ အိပ်ရာပေါ်မှ အရုပ်လေးတွေချိတ်ဆွဲပေးပါ
  • • ကလေးကို နာမည်လေးခေါ်ပေးပါ
  • • ကလေးကို ပွေ့ချီပေးပါ

အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၁ လ ကနေ ၃ လအတွင်းမှာတွေ့ရမယ့် ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly