မူဆယ် ၁၀၅ မိုင် ရှိ နယ်စပ်ကုန်စည်စီးဆင်းမှု ဖေဖော်ဝါရီလကုန်ပိုင်းတွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်း

မူဆယ် ၁၀၅ မိုင် ရှိ နယ်စပ်ကုန်စည်စီးဆင်းမှု ဖေဖော်ဝါရီလကုန်ပိုင်းတွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်း

ဖေဖော်ဝါရီ ၁၁။          ။ မူဆယ် ၁၀၅ မိုင် မြန်မာ-တရုတ် နယ်စပ်ဈေးကွက်အတွင်း တရုတ်နိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် ကော်ရိုနာဗိုင်းရပ်စ် ဂယက်ကြောင့်  ကုန်သွယ်မှု နှင့် ဈေးကွက် အရောင်းအဝယ်အေးစက်လျက်ရှိပြီး ဖေဖော်ဝါရီလ လကုန်ပိုင်းမှသာ ပြန်လည် ကောင်းမွန်လာမည် ဟု နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ ခန့်မှန်းမှုများ ရှိနေသည်။

မြန်မာနိုင်ငံဘက်မှ ရာသီပေါ်သီးနှံဈေးကွက်အဖြစ် အဓိက တင်ပို့ရောင်းချလျက်ရှိသည့် ဖရဲသီး နှင့် သခွားမွှေး ဈေးကွက် အရောင်းအဝယ် အေးစက်လျက်ရှိပြီး  တရုတ်နိုင်ငံမှ ဈေးကွက်ဝယ်လိုအားကိုသာ အဓိကစောင့်ဆိုင်း နေရသည့် အခြေအနေဖြစ်နေသည် ဟု မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးစိုင်းခင်မောင် ထံမှ သိရသည်။

“အခုလို ဖြစ်နေတာက ရက် ၂၀ ကျော်လောက်ကြာပြီ။ ဒီကြားထဲမှာ အရောင်းအဝယ်က မဖြစ်သလောက်နီးပါးပါဘဲ၊ ရောက်နေတဲ့ကားတွေက ဈေးတည့်အောင် ရောင်းနေရတယ်။ ဈေးကွက်ကတော့ ဖရဲသီးတစ်ကား ကို ယွမ် ၃၀၀၀၊ ၁၀၀၀၀ နဲ့ ၁၂၀၀၀ နဲ့ ရောင်းနေတယ်။ ဒီဗိုင်းရပ်စ် ဂယက်ကြောင့်ဘဲ ဖရဲသီး နဲ့သခွားမွှေး တန်ချိန် ၈ သောင်းလောက် ဆုံးရှုံးနစ်နာသွားတယ်။ အိမ်နီးချင်းနိုင်ငံတွေ တင်ပို့ဖို့အတွက်လည်း ဒီဗိုင်းရပ်စ် ကူးစက်ခံ နေရလို့ ဈေးကွက်ထပ်ရှာဖို့ကလည်း လွယ်ကူမှာ မဟုတ်ဘူး၊ ဒီတော့ တရုတ်ဈေးကွက်ကိုဘဲ ထိုင်စောင့်ရမှာဘဲ ဒီလကုန်လောက်ဆိုရင်တော့ ပြန်တက်လာနိုင်ပါတယ်” ဟု ၎င်း က ခန့်မှန်းပြောကြားခဲ့သည်။

အဆိုပါ မူဆယ် ၁၀၅ မိုင် ဈေးကွက်တွင် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဖရဲကား အစီးရေ ၃၀၀ နဲ့ ၄၀၀ ခန့်ကြား အရောင်းအဝယ်ရှိသည်ဟု သိရပြီး မြန်မာနိုင်ငံ အနေဖြင့် တရုတ်သို့ တစ်နှစ်လျှင် ဖရဲသီး တန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့လျက်ရှိကာ ယခုနှစ် အတွင်း ဖရဲတန်ချိန် နှစ်သိန်းဝန်းကျင်နှင့် သခွားမွှေးတန်ချိန် အနည်းငယ်သာ တင်ပို့ရ သေး သည့်အတွက် ဖရဲ၊သခွားမွှေး တန်ချိန် ၇ သိန်းခန့် တင်ပို့ရန် ကျန်ရှိနေသေးသည် ဟု သိရသည်။ ပြည်တွင်း ဖရဲသီး စိုက်ပျိုးသူများ အနေဖြင့် တရုတ်ဈေးကွက်ကိုသာ အဓိကထား စိုက်ပျိုးကြခြင်း ဖြစ်သည့်အတွက် ဖရဲသီးမှာတစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာသန်းပေါင်း ၆၀ခန့်တင်ပို့ မှုရှိသဖြင့်တစ်လလျှင် တင်ပို့ သည့်ပျမ်းမျှတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၅ သန်းကျော်ခန့် ရှိနေသည်။

ဒါ့အပြင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်မှုတွင် ပါဝင်တဲ့ ဆန် တင်ပို့မှု ကဏ္ဍအနေနဲ့လည်း ကုန်သွယ်ရေးဇုန်ရှိ ဂိုဒေါင်အတွင်း ဆန်အိတ် ၃သောင်း နဲ့ ၄သောင်း ကြား ရှိနေကာ တရုတ်နိုင်ငံဘက်မှ ဈေးကွက်ပြန်လည်စ တင်မည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိသည် ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း ထံမှ သိရသည်။

“လောလောဆယ်တော့ တရုတ်ဘက်က ဈေးကွက်ဖွင့်မှဘဲ ပို့ရမှာပေါ့။ နောက်ထပ် ၂ ပတ်လောက်တော့ ထပ်ကြာဦးမယ်လို့ ကြားတယ်။ တခြား ကုန်စည်တွေဖြစ်တဲ့ သကြားတို့၊ ပြောင်းတို့လည်း လုံးဝရပ်ထားရတယ် သွားလို့ မရဘူး။” ဟု ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဖရဲ၊သခွားမွှေး၊ကျွဲနွား၊ဆန်၊သကြား၊ပြောင်းနှင့် နှမ်းတို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏအေနနဲ့ အေမရိကန်ဒေါ်လာသန်းပေါင်း ၄၉၁၇ ဒသမ ၉၇၆ ရွိခဲ့ပြီး ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၁၅၆ ဒသမ ၄၁၉ သန်း ရှိကာ သွင်းကုန်ပမာဏမှာအမရေိကန်ဒေါ်လာ ၁၇၆၁ ဒသမ ၅၅၇ သန်း ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly