ဖိလစ်ပိုင်ကလပ် ခါယားအသင်းကို အနိုင်ယူရန်အဆင်သင့်ပြင်ဆင်ထား ဟု ရှမ်းနည်းပြချုပ် ဆို

ဖိလစ်ပိုင်ကလပ် ခါယားအသင်းကို အနိုင်ယူရန်အဆင်သင့်ပြင်ဆင်ထား ဟု ရှမ်းနည်းပြချုပ် ဆို
 ပုံ - Ceres FC  ( April 30, 2019  Shan United vs Ceres-Negros ကစားစဉ် )

ဖေဖော်ဝါရီလ ၁၁။               ။ ၂၀၂၀ ခုနှစ် AFC  Cup အုပ်စု (H) ပြိုင်ပွဲ ၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာနိုင်ငံကိုယ်စားပြုကလပ် ရှမ်းယူနိုက်တက်အသင်း နှင့် ဖိလစ်ပိုင်ကလပ် ခါယားအသင်း (Kaya-lloilo) တို့ပွဲစဉ်တွင် အနိုင်ယူရန်အဆင့်သင်ပြင်ဆင်ထားသည်ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ပြောသည်။

“ပွဲအတွက်အဆင်သင့်ပါပဲ။ အားလုံးပြင်ဆင်ထားပါတယ်။မနှစ်က သင်ခန်းစာတွေ နေရှင်နယ်လိဂ်ရဲ့သင်ခန်းစာတွေကိုပူးပေါင်းပြီး မနက်ဖြန်ကို အကောင်းဆုံးပြင်ဆင်ထားပါတယ်။ အဓိကရည်မှန်းချက်က ကွာလဖိုင်း အောင်ဖို့ပါ။ ကွာလဖိုင်းအောင်ဖို့ဆို အိမ်ကွင်းမှာဂရုစိုက်ပြီး အမှတ်သုံးမှတ်ရအောင်လည်းလုပ်ပါမယ် “ ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင် က မဇ္ဈိမသတင်းဌာနကို ပြောသည်။

ဖိလစ်ပိုင်ကလပ် ခါယားအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။

“ ကျွန်တော့တို့အသင်းရဲ့ဒီပွဲအတွက်ပြင်ဆင်ထားတဲ့ အရာကို ကစားသမားတွေပိုနားလည်ပြီး ကြိုးစားနိုင်ဖို့က နံပါတ်တစ်အချက်ပါ။နောက်တစ်ချက်က သူတို့အသင်းရဲ့ကစားခဲ့တဲ့ပုံတွေ အားသာချက်၊အားနည်းချက်အပေါ် ယူရမယ့်အခွင့်အရေးတွေပါ။ အားနည်းချက်ကိုအသုံးချမယ်။ အားသာချက်ကို ကာကွယ်မယ်။ ဒီအချက်နှစ်ချက်ကိုပဲ အဓိကထားပြီးပြင်ဆင်ထားပါတယ် “ ဟု ရှမ်းယူနိုက်တက်အသင်း ၏ အသင်းခေါင်းဆောင် သီဟစည် သူက ပြောသည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့်အသင်း၏ အဓိကကစားသမားဖြစ်သူ အသက်၂၄ နှစ်အရွယ် တိုက်စစ်မှူးကိသ်မာတူနာ ဒဏ်ရာကြောင့် ၁ လခန့် အနားပေးထားရတာကြောင့် ဒွေးကိုကိုချစ် ၊ ဇင်မင်းထွန်း နှင့် အောင်ပြည့် တို့ကို တိုက်စစ်ပိုင်းပြသနာအတွက် ပြောင်းလဲအသုံးပြုသွားမည် ဟု သိရသည်။

AFC Cup 2020 ဘောလုံးပွဲအုပ်စု(H) အုပ်စုအဖွင့်ပွဲစဉ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ၃နာရီ ခွဲအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

AFC Cup 2020 ဘောလုံးပြိုင်ပွဲတွင် မြန်မာကလပ်အသင်းနှစ်သင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်အသင်းတို့ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အုပ်စုအဆင့်တွင် ဟိုချီ မင်းစီးတီး(ဗီယက်နမ်)၊ဟောင်ဂန်းယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ(လာအို) ကလပ် အသင်းများနှင့်အုပ်စု (စ)တွင်ပါဝင်နေသည့်ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အုပ်စု(ဇ)တွင် စင်ကာပူကလပ် တန်ပနိစ်ရိုဗာ ၊ ဖိလစ်ပိုင်ကလပ် ခါယာအက်ဖ်စီ ၊ အင်ဒိုနီးရှားကလပ် PSM မာကာဆာ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် AFC Cup ပြိုင်ပွဲကို ၇ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ တွင် ၁၆သင်းအဆင့် ၊ ၂၀၁၈ တွင် အာဆီယံဇုန်ဆီမီးဖိုင်နယ်အဆင့် အထိ တက်ရောက်နိုင်ခဲ့ပြီး ရှမ်းယူနိုက် အသင်းအနေဖြင့် AFC Cup ပြိုင်ပွဲကို ၃ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်.။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly