ကမ္ဘောဒီးယားမှာ ရွှံ့အိုင်ထဲ နစ်နေတဲ့ ဆင်တစ်ကောင်ကို ကယ်ဆယ်

ကမ္ဘောဒီးယားမှာ ရွှံ့အိုင်ထဲ နစ်နေတဲ့ ဆင်တစ်ကောင်ကို ကယ်ဆယ်
Photo - AFP

ဖေဖော်ဝါရီ ၁၁။             ။ ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရွှံ့အိုင်ထဲ နစ်နေပြီး ဒုက္ခရောက်နေတဲ့ ဆင်တစ်ကောင်ကို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ဒေသခံတွေက ဝိုင်းဝန်းကယ်ဆယ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က Modulkiri ပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတစ်ခုအတွင်း ရွှံ့အိုင်ထဲ နစ်နေခဲ့တဲ့ အဆိုပါ ဆင်ထီးတစ်ကောင်ကို ကယ်ဆယ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဆင်ဟာ ဖေဖော်ဝါရီ ၁၀ ရက်မနက်ပိုင်းတုန်းက ယင်း အိုင်ထဲ ကျသွားခဲ့ရာကနေ ပြန်မတက်နိုင်ဘဲ ဒုက္ခရောက်နေခဲ့ကြောင်း ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါ တယ်။ အဆိုပါ ဆင်ကိုတော့ ယင်းနေ့ နေ့လည်ပိုင်းမှ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာတော့ ဆင်ရိုင်း ကောင်ရေ ၄၀၀ ခန့် ရှိနေပြီး ယင်းတို့အနက် ကောင်ရေ ၅၀ လောက်ကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တိရစ္ဆာန် ကယ်ဆယ်ရေး NGO တစ်ခုက ပြောပါတယ်။

လက်ရှိအချိန်မှာ တိရစ္ဆာန် အင်္ဂါအစိတ်ပိုင်းတွေအတွက် ဝယ်လိုအားမြင့်တက်နေခြင်းနဲ့အတူ နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း တောအုပ်တွေထဲမှာ နေထိုင်တဲ့ ဆင်ကောင်ရေဟာလည်း တစ်စတစ်စ လျော့ကျလာနေတယ်လို့ သိရပါတယ်။

အလားတူ တရားမဝင် သစ်ခုတ်မှု၊ သစ်တောပြုန်းတီးမှုတို့ကြောင့်လည်း ဆင်တွေရဲ့ နေထိုင်ကျက်စားရာ နေရာတွေကို လျော့ပါးလာစေလျက် ရှိတယ်လို့ သိရပါတယ်။

 
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly