မြစ်ရေစည်းချက် . . . ဧရာဝတီ (၃)

မြစ်ရေစည်းချက် . . . ဧရာဝတီ (၃)

သန့်ဇော်(သန်လျင်)

တစ်မျက်နှာဆောင်းပါး

စိမ်းလန်းငြိမ်းချမ်းလို့ ပြောရင် ရလား

ကျွန်တော်တို့နိုင်ငံမှာ တောတောင်သဘာဝတွေ ဘယ်လောက်တောင်လှပခဲ့သလဲ ဆိုတာ ယခုလောလောဆယ် ဧရာဝတီမြစ်ဆုံ အထက်ပိုင်းရဲ့ ချီဖွေမြို့အထက်ပိုင်းကို သွားရောက် ကြည့်ရှုစေချင်ပါတယ်။ အထက်ကရေးထားသလို ဘယ်လောက်တောင် စိမ်းလမ်းစိုပြေ လှပသာယာသလဲဆို မသမာသူတွေရဲ့ သယံဇာတထုတ်ယူမှုတွေရှိခဲ့တာတောင် လှပနေတာကို အံ့မခန်းတွေ့ရမှာပဲ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မတိုင်ခင်နှစ်များက ခေါင်လန်ဖူးကနေ မြစ်ဆုံဒေသ မရောက်ခင် ကီလိုမီတာ အနည်းငယ်အထိ မြစ်ကြမ်းပြင်ကို ထပ်ပြီး တူးဖော်ကာ တွေ့သမျှသယံဇာတတွေကိုလည်း ဒေသခံလက် နက်ကိုင်  အဖွဲ့များ၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များနှင့် ပေါင်းသင်းကာ ကိုယ်ကျိုးရှာ မသမာသူများက ယူငင်ကြပြီး ကျွန်တော်တို့နိုင်ငံက ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာတောင် တော်တော်လှတုန်းပဲ ဖြစ်နေပါတယ်။

အကျာခမြစ်နဲ့မေခမြစ်တို့ဆုံရာ ခေါင်လန်ဖူးမြစ်ဆုံကနေ ၃ မိုင်လောက်ခြေလျင်လျောက်ပြီး လီဆူးနဲ့ ရဝမ်တိုင်းရင်းသားအများစုနေထိုင်တဲ့ ခေါင်လန်ဖူးကနေ - မဂွေဇ - ပူတာအိုဖက်သွားတဲ့ ကားလမ်း လည်းရှိပါတယ်။  ခေါင်လန်ဖူးကနေ ချီဖွေထိ အန်မိုင်ခမြစ်အတိုင်းစုန်ဆင်းသွားရင် မြစ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ တောတောင်တွေ ကျောက်ဆောင်တွေနဲ့ လူမရှိသူမသိ ရေစီးသံမှ လွဲပြီး ဘာသံမှ မကြားရပဲ တိတ်ဆိတ်လှပါတယ်၊ နေရာတကာရှုမျှော်ခင်းတွေကလည်း ကြည့်လို့မဝအောင်ပါဘဲ ဖြစ်နေပါတယ်။ ရေစီးဟာ တောင်ကြားတွေကနေစီးဆင်းနေတာဖြစ်လို့ တချို့နေရာတွေမှာ ရေစီးကြမ်းပြီး ရေတံခွန်ခပ်နိမ့်နိမ့်တွေလည်း တွေ့ရလို့ တချို့နေရာတွေမှာ လှေတောင်စီးဖို့ မလွယ်တာတွေ့ရပါတယ်။ နေရာတကာရောက်တိုင်း ထူးခြားတာတွေကတော့ အန်မိုင်ခဟာ ရေအရင်းအမြစ် ပေါကြွယ်ဝတာပဲ ဖြစ်ပါတယ်။ မြစ်ရေဟာ တစ်နှစ်ပတ်လုံးစီးဆင်းနေပြီး မိုးရာသီဆိုရင် မိုးအမြဲရွာပြီး ရေစီးကြမ်းတယ်လို့ သိရပါတယ်။

ဒီလိုမျိုး အမြဲတမ်းအေးနေပြီး လူသူအရောက်အပေါက်နည်းတဲ့ တောကြီးမျက်မည်းလို့တော့ မယူဆစေချင်ပါဘူး၊ ဘာလို့လည်းဆိုတော့ နွေရာသီနဲ့ မြစ်ရေနည်းပါးချိန်မှာ မြစ်တလျောက် ကြိုကြားကြိုကြား ရွှေတူးတဲ့သူတွေကိုလည်း အဖွဲ့လိုက်တွေ့ရလို့ပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် မြန်မာနိုင်ငံမှာ စစ်အစိုးရ(တပ်မတော်အစိုးရ) မတက်ခင်တုန်းကဆိုရင် ခါကာဘိုရာဇီတောင်တန်း ပူတာအိုမြောက်ဖက် လင်ဂွေလာရေခဲတောင်(Languela Glacier)မှစတင်လို့ မြစ်ဖျားကနေ   ဆမ်နမ်ခေါင်(Sanankawng)နဲ့ အန်မိုင်ခမြစ်တလျောက် ခေါင်လန်ဖူးအထိကို လူသူအရောက်အပေါက် မရှိသလောက်ပဲလို့ ပြောတာကြားဖူးပါတယ်။

ခေါင်လန်ဖူးကနေ ဂျမ်ဂျာ(Jumja)နဲ့ ကမ်ဟဲ(Kanghai)တလျောက်ကတော့ ရေတံခွန်တွေများပါတယ်၊ မြစ်ရဲ့ဘေးတစ်ဖက်တချက်မှာတော့ သစ်ပင်ကြီးကြီးမားမားတွေတော့ မတွေ့ရဘဲ ခပ်လတ်လတ် သစ်ပင်တွေကတော့ စိမ်းစိုစိုနဲ့ တောပန်းတွေကလည်း တချို့လှတဲ့နေရာဆို ဘယ်ပန်းချီရေးလို့မမှီ သလိုမျိုးပါပဲ။ အန်မိုင်ခမြစ်ရေဟာလည်း ကြည်လင်အေးမြစွာ အိန္ဒြေကြီးနဲ့မရပ်မနား စီးမြဲစီးနေပြီး သစ်ပင်ကြီးကြီးမားမားတွေကတော့ မသမာသူတွေ လက်ချက်နဲ့ ကိစ္စချောကုန်တာ ကြာပြီလို့ သိရပါတယ်။ မြန်မာပြည်က ငွေတွင်းကြီးတွေကို ဘယ်သူတွေ ယူငင်သွားကြပါလဲ။ ခုလည်း တချို့နေရာတွေမှာရှိနေသေးတယ်၊ ကျန်နေသေးတယ်လို့လည်း သိရပါတယ်။

ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ရပါမယ်။

ဘယ်လိုလုပ်ရပါ့မလဲ ?

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly