အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူတဲ့ တရုတ်ဟက်ကာ ၄ ဦးကို အမေရိကန် စွဲချက်တင်

အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူတဲ့ တရုတ်ဟက်ကာ ၄ ဦးကို အမေရိကန် စွဲချက်တင်

ဖေဖော်ဝါရီ ၁၁ ။                   ။ အမေရိကန်အခြေစိုက် ချေးငွေသတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းအေဂျင်စီ Equifax ရဲ့ ၂၀၁၇ ခုနှစ် ဒေတာပေါက်ကြားမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့တယ်ဆိုပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အဖွဲ့ဝင်လေးဦးကို အမေရိကန် တရားရေးဝန်ကြီးဌာနက စွဲချက်တင်လိုက်တယ်လို့ သိရပါတယ်။

Equifax အေဂျင်စီ ဒေတာပေါက်ကြားမှုဖြစ်စဉ်မှာတော့ အထက်ပါ စွဲချက်တင်ခံရတဲ့ တရုတ်စစ်တပ်ရဲ့ ဟက်ကာတွေဟာ အမေရိကန်နိုင်ငံသား ၁၄၅ သန်းကျော်တို့ရဲ့ အထိခိုက်မခံတဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားနိုင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ရှေ့နေချုပ် ဘီလ်ဘားက ပြောပါတယ်။

အဆိုပါ Equifax ဒေတာကျိုးပေါက်မှုကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ဒေတာပေါက်ကြားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

“ ဒါဟာ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို တမင်ရည်ရွယ် ဖောက်ထွင်း ရယူခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ ရှေ့နေချုပ် ဘီလ်ဘားက ပြောပါတယ်။

ယင်း ကိစ္စနဲ့ပတ်သက်လို့ တရုတ် စစ်တပ်ရဲ့ အမှတ် ၅၄ သုတေသနဌာနမှ ဝူ ကျီယုန်၊ ဝမ်ချန်း၊ ရွှီကဲ နဲ့ လျိုလယ် တို့ လေးဦးကို အမေရိကန် တရားရေးဝန်ကြီးဌာနက စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

၎င်း တရုတ်စစ်တပ် ဟက်ကာလေးဦးကိုတော့ ဟက်ကာဖောက်ထွင်းမှု၊ ကွန်ပြူတာ လိမ်လည်မှု၊ စီးပွားရေးအရ သူလျှိုလုပ်မှု၊ တယ်လီဖုန်းလိုင်း လိမ်လည်မှု  တို့နဲ့ စွဲချက်တင်သွားခဲ့ပါတယ်။

ယခု အမေရိကန်ရဲ့ စွဲချက်တင်ခံရတဲ့ တရုတ်ဟက်ကာလေးဦးကတော့ လက်ရှိ ဘယ်မှာ ရောက်နေလဲ ဆိုတာ မသိရသေးသလို ၎င်းတို့ကို အမေရိကန်ဆီ ခေါ်ဆောင်ပြီး တရားရင်ဆိုင်စေဖို့ဆိုတာကလည်း ဖြစ်နိုင်ခြေ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly