မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးမှု ဖေဖော်ဝါရီလကုန်မှစတင်စစ်ဆေးနိုင်တော့မည်

မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးမှု ဖေဖော်ဝါရီလကုန်မှစတင်စစ်ဆေးနိုင်တော့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀။         ။ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊မရှိကို အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာန(US CDC)၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင်ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်ဟု အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ၊ဒုတိယညွန်ကြားရေးမှူး( ဓာတ်ခွဲ)မှ ဒေါက်တာ ဥမ္မာဆွေတင်က ပြောသည်။

 ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးရာတွင် လိုအပ်သည့်  ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ အမေရိကန် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်တွေက လာရောက်သင်တန်းပို့ချမည် ဖြစ်သည်။

 “ကိုရိုနာ ဖြစ်နေပြီလားဆိုတာ စိတ်ထဲမှာတော့ ဖြစ်နေမှာပဲ အဖြေ မြန်မြန်သိရတဲ့အခါ လူနာတွေအတွက်လည်း ကောင်းတယ် ဆေးကုသသူတွေအတွက်လည်း ကောင်းတယ် ၊ လူနာမှာ positive ဖြစ်နေတဲ့အခါ သူနဲ့ထိတွေ့ ဆက်ဆံတဲ့သူအားလုံး လူအုပ်စုထဲမှာ ကူးစက်မသွားအောင် ချက်ချင်း ထိန်းချုပ်နိုင်တာပေါ့”ဟု အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ၊ဒုတိယညွန်ကြားရေးမှူး( ဓာတ်ခွဲ)မှ ဒေါက်တာ ဥမ္မာဆွေတင်က ဆိုသည်။

 ယခုလက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးရန်အတွက် ထိုင်းနိုင်ငံက World Health Organization(WHO)  အသိအမှတ်ပြု ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေရပြီး ဓာတ်ခွဲခန်းရလဒ် ရရှိရန် ကြာချိန်အနည်းဆုံး ၃ရက်ခန့် စောင့်ဆိုင်းရသည်ဟု သိရသည်။

 ဒဂုံမြို့နယ်ရှိအမျိုးသားအဆင့်ဓာတ်ခွဲခန်းတွင် ပထမဦးဆုံးစတင်စစ်ဆေးသည့်အခါ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅ဦးနှင့် မရှိသူ ၁၀ဦးတို့၏ ဓာတ်ခွဲခန်းရလဒ်များကို WHO အသိအမှတ်ပြု ရည်ညွှန်းဓာတ်ခွဲခန်း များတွင် လည်း တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သည်။

 “Positive ငါးယောက်နဲ့ negative ၁၀ယောက်ကိုတော့ ပထမ စစချင်းတော့ ချက်ချင်း ထုတ်ပေးနိုင်မှာ မဟုတ်သေးဘူး ဟိုဘက်က အဖြေတိုက်တဲ့ဟာလေးကို ပြန်စောင့်ရမှာ ဖြစ်တဲ့အတွက် အဲ့ဟာကတော့ ကြာဦးမယ် တိုက်စစ်ပြီးသွားရင်တော့ ၂၄နာရီအတွင်း အဖြေထုတ်ပေးနိုင်ဖို့ကို ကြိုးစားသွားမှာပါ”ဟု ဒေါက်တာ ဥမ္မာဆွေတင်က ပြောသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အထွေထွေ မွမ်းမံ ပြင်ဆင်ရန်နှင့် စွမ်းရည်မြှင့်တင်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအင်ဂျင်စီထံမှ ယူရို ၂၂သန်း ချေးယူရန် ၂၀၁၈ခုနှစ် မတ်လ၂၂ရက်နေ့က ကျင်းပသည့် ပြည် ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါလက္ခဏာ သံသယလူနာ ၁ဦး နှင့် စောင့်ကြည့်လူနာ ၁၈ ဦး စုစုပေါင်း ၁၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly