လက်ရှိကာလ ငြိမ်းချမ်းရေးမရရင် ဖွံဖြိုးတိုးတက်ရေးနှင့်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော

လက်ရှိကာလ ငြိမ်းချမ်းရေးမရရင် ဖွံဖြိုးတိုးတက်ရေးနှင့်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော
Photo - Phyo Min  Thein

ဖေဖော်ဝါရီ ၁၀ ရက်။        ။  လက်ရှိအချိန်  ပြည်တွင်း ငြိမ်းချမ်းရေးသည်  မရှိမဖြစ် လိုအပ်နေသည့် အချိန်ကာလတစ်ခု  ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးကို  မတည်ဆောက်နိုင်ရင် နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများ ရင်ဆိုင်ရဖွယ် ရှိနေကြောင်း  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက    ဖေဖော်ဝါရီ ၉ ရက်နေ့က ပြုလုပ်သော မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြောဆိုလိုက်သည်။

 “  ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ  မရှိမဖြစ် လိုအပ်နေတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ မဟုတ် ပါဘူး။ ဖွံဖြိုးတိုးတက်ရေးကို မတည်ဆောက်နိုင်ဘဲ  ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် စိန်ခေါ်မှုတွေအများကြီးနှင့် ကျွန်တော်တို့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။“ ဟု  ၎င်းက ပြောသည်။

 ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရေး နှင့် တိုင်းရင်းသားလူမျိုး အားလုံး ရဲ့ တန်းတူညီမျှအခွင့်အရေးတွေ ရနိုင်ဖို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ အမျိုးသားသွေးစည်းညီညွတ်တဲ့ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့က လက်ရှိအစိုးရရဲ့  ရည်မှန်းချက်ပန်းတိုင်လည်းဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

''ဒီအခြေအနေကို ရောက်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံအတွင်းမှ ရှိတဲ့ ဘာသာလူမျိုးပေါင်းစုံဟာ ညီညွတ်တဲ့ အင်အားနဲ့ ကျွန်တော်တို့ နိုင်ငံကို ပြောင်းလဲ နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ် “ ဟု  ၎င်းက ပြောသည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းရန် တိုက်တွန်းထားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့လာသော သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။

လက်ရှိ အကောင်အထည်ဖော်နေသော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားအားလုံးက စည်းလုံးညီညွတ်မှုနှင့်အတူ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိဖို့ လိုအပ်နေကြောင်း ပွဲကျင်းပရေးကော်မတီ ဒု ဥက္ကဋ္ဌ -၂  ဒေါက်တာ မင်းခင်စိန်က ပြောသည်။

 “ အခုက  ပင်လုံညီလာခံလည်း သွားနေတယ်ဆိုတာ အားလုံးကလည်းသိနေပြီ ။ တိုင်းရင်းသားအားလုံးကလည်း  ကိုယ့်နိုင်ငံ မပြိုလဲဖို့အတွက်  အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်မှုနဲ့အတူ တိုင်းရင်းသားအားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ရရှိဖို့ လိုတာပေ့ါ ။ ဒီလို့မျိုးလည်း ဖြစ်စေချင်တယ်။ အခုတော့ အဲ့လမ်းကြောင်းတော့ ဦးတည်နေပြီ။ ရောက်တယ်ဆိုတော့ မဟုတ်သေးဘူး။ အခက်အခဲတော့ ရှိနေတယ်  “ ၎င်းက ပြောသည်။

 ပြီးခဲ့သောနှစ်က  ၂ ရက်တာ ကျင်းပခဲ့သော  မွန်အမျိုးသားနေ့ အခမ်းအနားကို ယခုနှစ်တွင် ရန်ကုန်မြို့ ရှိ ပြည်သူ့ရင်ပြင်တွင်  ၁ ရက်တာ ကျင်းပခဲ့ပြီးနောက်  မွန်ရိုးရာအစားအစာ နှင့် ရိုးရာ အဝတ်အထည်များ ရောင်းချ ခြင်း ၊ မွန်ယဉ်ကျေးမှု အကအလှ ဖျော်ဖြေခြင်း လည်း ပါဝင်တင်ဆက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly