ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ပါက ဒေသဖွံ့ဖြိုးမှု စိုးရိမ်ရဟုဆို

ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ပါက ဒေသဖွံ့ဖြိုးမှု စိုးရိမ်ရဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀။          ။ ချင်းပြည်နယ်၊ ပလက်ဝမြို့သည် ဖွံ့ဖြိုးမှု နောက်ကျသော ဒေသဖြစ်သည့်အတွက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါက မြို့၏ဖွံ့ဖြိုး တိုးတက်မှု အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်သည်ဟု ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက မဇ္ဈိမသို့ ပြောသည်။

“ ချင်းပြည်နယ် (၉) မြို့နယ်ထဲမှာ ပလက်ဝမြို့နယ်က ဒီကနေ့ထိ မြို့ပေါ်မှာ ကားမရောက်သေးသော မြို့နယ် တစ်ခုလို့ တင်စားရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီလောက် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ မြို့နယ်မှာ ၂၀၂၀ ရွေး ကောက်ပွဲ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ အတွက်တော့ မတွေးဝံ့စရာပါပဲ”ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့သည် လမ်းပန်းဆက်သွယ်ရေး သာမက၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု တို့ပါ နောက်ကျကျန်ခဲ့ပြီး ဝေးလံခေါင်သီသည့် မြို့နယ်တစ်ခု ဖြစ်ပြီး ပလက်ဝမြို့နယ်ရှိ ဒေသခံအများစုမှာ လည်းတောင်ယာလုပ်ငန်းများ လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက “ ရွေးကောက်ပွဲလည်း မရှိတော့ဘူးဆိုရင် နိုင်ငံတော်မှာ ထိုးဖောက်နိုင်တဲ့ သူလည်း မရှိတော့ဘူးဆိုရင် အခက်အခဲ ပိုပြီး ဖြစ်စေပါတယ်။ ဆင်းရဲသထက် ဆင်းရဲမယ့် အနေအထားလည်း ရှိပါတယ်”ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသာ မကျင်းပနိုင်ခဲ့ပါက ပလက်ဝဒေသအတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်လာမည်ဟုလည်း ၎င်းက ဆိုသည်။

ပလက်ဝဒေသသည် ရခိုင့်တပ်(AA) တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် ဒေသဖြစ်ကာ တပ်မတော်နှင့် AA ကြား ၂၀၁၅ ခုနှစ်မှ စတင်ကာ ယနေ့ချိန်ထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြားတွင် ဒေသခံများ ဖမ်းဆီးခံရမှုများရှိနေသလို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရ သူ ၃၀၀၀ ကျော်ရှိနေပြီး နယ်မြေ တည်ငြိမ်မှုမရှိသည့်အတွက် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့ရာ ယနေ့ချိန်ထိ ပြန်လည် ရုပ်သိမ်းနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် ပလက်ဝမြို့နယ်အတွင်းမှာ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ဖြစ်မည်ကို စိုးရိမ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပလက်ဝဒေသမှာ တပ်မတော်နှင့် AA တိုက်ပွဲများ ပြင်းထန်နေ ခြင်းကြောင့် လာမည့် ၂၀၂၀ တွင် အထွေထွေရွေးကောက်ပွဲကို ပလက်ဝမြို့နယ်မှာ ကျင်းပနိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း ပြောသည်။

“ အခြေအနေ ကြည့်ရတာတော့ ၅၀၊ ၅၀ ပါပဲဗျာ။ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ကတော့ အဲ့မှာ ကျင်းပနိုင် အောင် ကြိုးစားမယ့် သဘောတော့ ဖော်ပြပါတယ်” ဟု ၎င်းကဆိုသည်။

အလားတူ ပလက်ဝမြို့နယ်တွင် သာမက တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီး တောင်၊ ရသေ့တောင်၊ မောင်တော စသည့် မြို့နယ်များမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မလွယ်ကူ ကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

ပလက်ဝမြို့နယ်တွင် ချင်း၊ ရခိုင်၊ ဗမာ နှင့် တခြားသော တိုင်းရင်းသားများ စုစုပေါင်း ၁ သိန်းကျော် စုပေါင်း နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေးကို အဓိက လုပ်ကိုင် စားသောက်ကြကြောင်း သိရသည်။

ရခိုင်မှ ပလက်ဝမြို့နယ်သို့ သွားမည်ဆိုပါက ကုန်းကြောင်း၊ ရေကြောင်း နှစ်မျိုးစလုံးကို စီးကာ သွားရမည်ဖြစ် ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သွားမည်ဆိုပါက လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း စသဖြင့် အမျိုးမျိုး ပြောင်းလဲ၍ စီးကာ သွားရမည့် ဒေသ ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly