NLD ပါတီ ရမ်းဗြဲအလုပ်မှုဆောင် ဦးဇေယျာမင်းဖမ်းဆီးခံရသည့်အပေါ် တာဝန်ခံမှုရှိစွာသတင်းထုတ်ပြန်ပေးရန် မိသားစုဝင်ပြော

NLD ပါတီ ရမ်းဗြဲအလုပ်မှုဆောင် ဦးဇေယျာမင်းဖမ်းဆီးခံရသည့်အပေါ် တာဝန်ခံမှုရှိစွာသတင်းထုတ်ပြန်ပေးရန် မိသားစုဝင်ပြော
ဦးဇေယျာမင်း ( ညာဘက်စွန်း)

ဖေဖော်ဝါရီ ၁၀။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ရမ်းဗြဲမြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးဇေယျာမင်းကိုဖမ်းဆီးသွားတဲ့မည်သည့်ဌာန၊ အဖွဲ့အစည်းမဆိုတာဝန်ခံ၊ တာဝန်ယူမှုရှိစွာဖြင့် ဖမ်းဆီးသွားသည့် အကြောင်းကိုသတင်းထုတ်ပြန်ပေးရန် မိသားစုဝင်များကလိုလားနေကြသည်။

ဦးဇေယျာမင်း၏ ဇနီးဖြစ်သူဒေါ်မြင့်မြင့်သန်းက “ဘယ်အဖွဲ့အစည်း၊ ဘယ်ဌာနကပဲ ကျွန်မယောက်ျားကိုဖမ်းထားပါစေ။ လက်ရှိကျွန်မယောကျားသက်ရှိထင်ရှားရှိတယ်ဆိုတဲ့ သတင်းအစအနကိုသိချင်ပါတယ်။ ရှိတယ်ဆိုရင် ရှိတဲ့အကြောင်းကိုပေါ့။ အဲဒါကိုတော့ ဖမ်းထားတဲ့အဖွဲ့အစည်းတွေကိုမေတ္တာရပ်ခံချင်ပါတယ်။” ဟုပြောသည်။

NLD ပါတီရမ်းဗြဲမြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးဇေယျာမင်းသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၆ နာရီကျော်အချိန်ကအစ်ကိုဝမ်းကွဲဖြစ်သူနှင့် အတူကုလားပုန်းကျေးရွာမှ ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူကိုမှုပြန်လွှတ်ပေးလိုက်သည်ဟုပြန်လွတ်လာသူ၏ ပြောပြချက်အရသိရကြောင်းရမ်းဗြဲ NLD ပါတီဝင် အတွင်းရေးမှူးဦးခင်ရီကပြောသည်။ဖမ်းဆီးခံရသည့် နေရာမှာရမ်းဗြဲမြို့နှင့် ၁၀ မိုင်ခန့် သာဝေး ကွာကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်မှာပြုလုပ်ခဲ့သည့် ICJ ကိစ္စအပြီးတွင် ဦးဇေယျာမင်းအပါအဝင် ဦးဆောင်သူများကိုလူမှုကွန်ယက်ပေါ်မှတဆင့် ခြိမ်းခြောက်စာပို့မှုများပြုလုပ်တာရှိခဲ့ကြောင်းအတွင်းရေးမှူးဦးခင်ရီကဆိုသည်။
ICJ ကိစ္စနှင့် ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပွဲပြုလုပ်ခဲ့သည့်အတွက် အေအေကဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်းမိသားစုဝင်များကသံသယရှိနေကြခြင်းဖြစ်သည်။

ထိုသို့ ဦးဇေယျာမင်းဖမ်းဆီးခံရမှုသည် ၄◌င်းတို့နှင့် လုံးဝပတ်သက်မှုမရှိကြောင်းအေအေကငြင်းဆိုထားသည်။
“ဒီကိုဇေယျာမင်းကို ကျွန်တော်တို့ဖက်ကဖမ်းဆီးထိန်းသိမ်းထားတာမရှိဘူး။ အဲဒီကိစ္စ ကျွန်တော်တို့နဲ့ ဘာမှပတ်သတ်မှုမရှိဘူး။” ဟုရခိုင့်တပ်တော်အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခကဖေဖော်ဝါရီလ ၉ ရက်နေ့မှာပြော သည်။

ICJ ကိစ္စနှင့် ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံပွဲပြုလုပ်ရန် စည်းရုံးခဲ့သည့် ဘူးသီးတောင်မြို့နယ် NLD ဥက္ကဌဦးရဲသိန်းကိုအေအေကဖမ်းဆီးခဲ့ပြီး ၁ လကြော်အကြာမှာတော့ တပ်မတော်၏ ထိုးစစ်ဆင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟုသတင်းထုတ်ပြန်ခဲ့သည်။

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုမေးမြန်းရာ  ဦးဇေယျာမင်းကိုတပ်မတော်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကပြောသည်။

ဦးဇေယျာမင်းဖမ်းဆီးခံရပြီးပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံလူပျောက်တိုင်တန်းထားကြောင်းနှင့် ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီးယနေ့အချိန်ထိမည်သည့်အဖွဲ့အစည်းကမှ ဆက်သွယ်ပြောကြားလာခြင်း မရှိသေးကြောင်းဇနီးဖြစ်သူဒေါ်မြင့်မြင့်သန်းကပြောသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly