ဦးဇေယျာမင်းကို ဖမ်းသွားသည့် လက်နက်ကိုင်အဖွဲ့က AA ဟုတ်/မဟုတ် စုံစမ်းနေသည်ဟု NLD ပြော

ဦးဇေယျာမင်းကို ဖမ်းသွားသည့် လက်နက်ကိုင်အဖွဲ့က AA ဟုတ်/မဟုတ် စုံစမ်းနေသည်ဟု NLD ပြော

ရန်ကုန်၊ဖေဖော်ဝါရီ ၁၀။          ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဘဏ္ဍရေးမှူးတစ်ဦး ဖြစ်သူ ဦးဇေယျာမင်း ပျောက် ဆုံးနေခြင်းနှင့် ပတ်သက်ပြီး AA အဖွဲ့ ဖမ်းဆီးသွားသည်ဆိုသော သတင်းများ ထွက်ပေါ်မှုအပေါ် AA ဖမ်းဆီးခြင်း ဟုတ်/ မဟုတ် စုံစမ်းနေသည်ဟု NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ NLD ပါတီ၏ ဘဏ္ဍရေးမှူး တစ်ဦးဖြစ်သူ ဦးဇေယျာမင်းကို လက်နက်ကိုင် လူတစ်စုက ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်နေသော် လည်း AA ဘက်မှ မိမိတို့ မဟုတ်ကြောင်း ငြင်းဆိုထားမှုများရှိနေရာ NLD ပါတီ အနေဖြင့် စုံစမ်းနေကြောင်း သိရသည်။

NLD မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က “ကျွန်တော်တို့ ဒါကို Confirm လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်၊ ဒေသတွင်းက AA လို့ ပြောလို့ ကျွန်တော်တို့ အချက်အလက်တွေကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အခုနယ်မြေခံ ပါတီဝင် တွေဆီ ဒေတာ လှမ်းတောင်းတာမျိုးတွေ လုပ်နေပါတယ်”ပြောသည်။

AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လက်နက်ကိုင်အဖွဲ့က ဖမ်းသည်ဆိုတိုင်း AA ကို မြင်နေခြင်းက မကောင်းကြောင်း၊ ဦးဇေယျာမင်းကို မိမိတို့ မဖမ်းကြောင်း ပြောသည်။

“ အဲဒီကိစ္စက ကျွန်တော်တို့နဲ့လည်း ဘာမှ ပတ်သက်မှုမရှိဘူး၊ လက်နက်ကိုင် အဖွဲ့က ဖမ်းသွားတယ် AA လို့ စွပ်စွဲတဲ့ ဟာကတော့ လက်ခံနိုင်စရာမရှိဘူး၊ ဘာကြောင့်လည်း ဆိုလို့ရှိရင် မြန်မာစစ်တပ်က သူတို့သည် ရခိုင်ပြည် အနှံမှာ လက်နက်ကိုင်ပြီး သွားနေတဲ့ဟာတွေ ရှိတယ်၊ အထူးသဖြင့် တချို့ရွာတွေမှာ ဆိုလို့ရှိရင် စစ်တပ်ဘက်က အရပ်သား ပုံစံမျိုး သွားလာ လှုပ်ရှားတာရှိတယ်၊နောက်တစ်ခု စဉ်းစားစရာကကျတော့ အခုလက်ရှိ ဖြစ်နေတဲ့ NLD အစိုးရနဲ့ ကျွန်တော်တို့ ရခိုင်တပ်တော်ကြားမှာ တင်းမာမှုတွေ ပိုပြီးတော့ အရှိန်မြှင့်လာအောင် စစ်တပ် ဘက်ကနေ ပြီးတော့ လုပ်ဆောင်တာလည်း ဖြစ်နိုင်တာပဲ”ဟု ၎င်းက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တရားဝင် နိုင်ငံရေးပါတီ တစ်ခု ကို တပ်မတော်ဘက်က ဖမ်းဆီးစရာ အကြောင်းမရှိကြောင်း၊ AA အနေဖြင့် မည်သည့် အချိန်ကမှ ဖမ်းဆီးသည်ဟု ဝန်ခံဖူး ခြင်းမရှိကြောင်း ပြောသည်။

“တပ်ဘက်ကတော့ ဖမ်းစရာ အကြောင်းမရှိပါဘူးဗျာ၊ တရားဝင် နိုင်ငံရေးပါတီတစ်ခုကို တပ်ဘက်ကနေပြီး ဖမ်းဆီးစရာ အကြောင်းလည်း မရှိပါဘူး၊ ကျွန်တော်တို့ ရခိုင်နယ်ဘက်မှာ AA နဲ့ ပတ်သက်တဲ့သူတွေ ဖမ်းဆီး တာတောင် တရားဥပဒေနဲ့ မညီပဲ ဖမ်းဆီးလို့ မရပါဘူး။ ကျွန်တော်တို့ ဖမ်းဆီးတာ စစ်ဆေးတာ ရှိကောင်းရှိမယ် တရားဥပဒေအရပဲ ကျွန်တော်တို့က အမှုဖွင့်ရတယ်၊ တရားရုံး အပ်နှံရတယ် ဒါတွေ ဆာင်ရွက်ရ တာဖြစ်တယ် AA အနေနဲ့က ဘယ်တုန်းကများ ဝန်ခံဖူးလည်း ဗျာ၊ အရင် ဥပမာတစ်ခု ထင်ထင်ရှားရှား ကျွန်တော်ပြရရင် Mytel က ဝန်ထမ်းနှစ်ယောက် ဖမ်းသွားတယ် သူတို့ ဖမ်းဆီး တာ မဟုတ်ပါဘူးဆိုပြီး ငြင်းတယ်၊ ပြန်လွှတ်ပေးတဲ့ အခါကျတော့ Mytel က တစ်ယောက်က ပြန်လွတ်လွတ်ချင်းပဲ ကျတော့ ထုတ်ပြန်ချက်တွေ ထွက်လာတယ် ဒါမျိုးဖြစ်စဉ်တွေ အများကြီးပါပဲ”ဟု ၎င်းက ပြောသည်။

AA အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က NLD ပါတီမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ၂ လကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ဇန်နဝါရီ ၂၁ ရက်တွင် ပြန်လွှတ် ပေးခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို AA မှ ဖမ်းဆီးသွားခဲ့ပြီးဒီဇင်ဘာ ၂၅ ရက်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထား ရသောဦးရဲသိန်းသေ ဆုံးသွား ကြောင်း၊ ထိုသို့ သေဆုံးခြင်းမှာတပ်မတော်မှ ပစ်ခတ်လိုက်သောလက်နက်ကြီးကျရောက် ပေါက်ကွဲမှုမှာထိမှန်သေဆုံးသွားခြင်း ဖြစ် ကြောင်း AA ဘက်က ထုတ်ပြန်ခဲ့သည်။

တပ်မတော်ဘက်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး AA ဖမ်းဆီး ထိန်းသိမ်းမှုအတွင်းမှာပဲ သေဆုံးခြင်း ဖြစ်သည်ဟု ပြန်လည် တုန့်ပြန် ပြောထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ လက်ရှိ အာဏာရပါတီ NLD နှင့် ဆက်စပ်သူ တချို့ကို AA က ဖမ်းဆီးမှုများ ရှိလာခြင်းကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး အခြေအနေ ဝေးကွာသွားနိုင်ကြောင်း၊ နှစ်ဖက် တာဝန် ရှိသူများ တွေ့ဆုံ ဆွေးနွေးသင့်ကြောင်း ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required