နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံးအနေဖြင့် တစ်ရက်လျှင် ဒေါ်လာ ၆သန်း မှ ၈သန်းကြား ထိခိုက်မှုရှိနေ

နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံးအနေဖြင့် တစ်ရက်လျှင် ဒေါ်လာ ၆သန်း မှ ၈သန်းကြား ထိခိုက်မှုရှိနေ
photo - ခွာညိုသစ်သီးပွဲရုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀။            ။ တရုတ်နိုင်ငံမှာဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံး တစ်ရက်လျှင် ဒေါ်လာ၆သန်းနှင့် ၈သန်းကြားအထိ ထိခိုက်မှုများရှိနေကာ ယနေ့အချိန်ထိ ကုန်သွယ်မှုများအား ရပ်နားထားရကြောင်း သိရသည်။

အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ အမှုဆောင်အရာရှိ ဦးအောင်ကျော်မိုးက "ဘယ်လိုမျိုးလဲဆိုတော့ သူတို့နိုင်ငံမှာက စောစောကပြောသလို လူစုလူဝေးဘာညာ ဘာတစ်ခုမှ လုပ်လို့မရတော့ဘူး။ မရဘူးဆိုတာက ဒီရောဂါကူးစက်မှာစိုးလို့ ဒီဟာကို ထိန်းချုပ်ဖို့အတွက်လုပ်နေတာ။ ပွဲလမ်းသဘင်တွေဘာတွေ ဘာမှလုပ်ခွင့်လည်းမရှိတော့ဘူးဆိုတဲ့အခါကျတော့ ကုန်သွယ်မှုမှာ သွားပြီးတော့ အဲ့ impactက သွားထိ တာပေါ့" ဟု ဆိုသည်။

ကိုရိုလာ ဗိုင်းရပ်စ်ကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံတွင် လူစည်းကားသော ဈေးများ၊ ခရီးသွားလာမှုလမ်းကြောင်းများကို ကန့်သတ် ပိတ်ပင်ထားသဖြင့် အရောင်းအဝယ်မရှိသလောက်ဖြစ်နေ၍ ဖရဲ၊သခွား အပါအဝင် အခြားသောသီးနှံများ အားလုံးတင်ပို့ခြင်းမပြုသေးရန် အသိပေးစာထုတ်ပြန်ထားကြောင်းသိရသည်။

ခွာညိုသစ်သီးပွဲရုံမှ  တာဝန်ရှိသူတစ်ဦးက"ထိခိုက်မှုကတော့ရှိတာပေါ့နော်။ ဆုံးရှုံးနစ်နာမှုတွေရှိတာပေါ့။ နောက် ငွေရေးကြေးရေးဆုံးရှုံးနစ်နာတယ်" ဟု ပြောသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါမပျောက်ကင်းသရွေ့ နယ်စပ်ကုန်သွယ်မှုများအားလုံး ရပ်တန့်သွားနိုင်ချေရှိကြောင်း အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ အမှုဆောင်အရာရှိ ဦးအောင်ကျော်မိုးက ဆိုသည်။

 "အရောင်းအဝယ်လုပ်တယ် အသီးအနှံတွေဝယ်တယ်ဆိုလို့ရှိရင်လည်း သူတို့က ဝယ်ပြီးလို့ရှိရင် သူတို့နိုင်ငံပြည်မကြီးထဲဆီပို့တာကိုး။ အခုဟာက စားသောက်ဆိုင်တွေမှာသုံးတဲ့ဟာတွေ စက်ရုံအလုပ်ရုံမှာသုံးတဲ့ တခြားပစ္စည်းတွေ ကိုယ်တို့နိုင်ငံကိုဝင်နေတဲ့ဟာတွေအကုန်လုံးက သူတို့ရဲ့ factoryကြီးတစ်ခုလုံးက ရပ်နေတဲ့အတွက်ကြောင့် ကိုယ်တို့ဆီကနေဝယ်သွားလည်း ဟိုဘက်မှာ သူတို့ဆက်ပြီးမဖြန့်နိုင်ဘူး။ မဖြန့်နိုင်တော့တဲ့အတွက်ကြောင့် လုပ်ငန်းတွေအကုန်လုံးက နဲနဲclose up ဖြစ်သွားတဲ့ပုံစံဖြစ်သွားတာပေါ့။ အဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့် ဒီဘက်မှာပါ ကုန်သွယ်ရေးကသွားပြီးတော့ ထိခိုက်တာ"ဟု ၎င်းက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးတစ်ခုတည်းကိုသာ အားကိုးပြီးသွားနေပါက တစ်ဖက်နိုင်ငံတွင် တစ်စုံတစ်ခုဖြစ်ပါက ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ရင် တောင်သူတွေ ကြုံနေရတဲ့ပြဿနာက ၃နှစ်လောက်ရှိပြီ။ အဲ့တော့ ဒါတွေကိုသင်ခန်းစာယူပြီးတော့ တောင်သူတွေချည်းပဲလည်း လုပ်လို့မရဘူး။ အသင်းအဖွဲ့လည်းလုပ်လို့မရဘူး။ အစိုးရကပါ ဝိုင်းပြီးပံ့ပိုးပေးမှရမှာ။ အစိုးရက အသင်းအဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ တောင်သူတွေနဲ့ပေါင်းပြီးတော့မှ ဘာတွေဖြေလျှော့ပေးဖို့လိုမလဲ။ ဘာတွေပံ့ပိုးဖို့လိုသလဲ။ ဒီဥပဒေတွေ ဖြေလျှော့ဖို့လိုရင် ဘယ်အစိတ်အပိုင်း တွေကို ဖြေလျှော့ရမှာလဲ။ ဥပမာ သွင်းအားစုတွေကို ဘယ်လိုမျိုးပံ့ပိုးပေးရမလဲ" ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် စိုက်ပျိုးရေးပို့ကုန်တွေဖြစ်တဲ့  ဖရဲ၊ သခွားဈေးကွက်သည် အထိအနာဆုံးဖြစ်နေကာ ရေထွက်ကုန်နှင့် တရုတ်နိုင်ငံသို့တင်ပို့နေသည့် အခြား ပဲ ၊ ပြောင်း၊ နှမ်းတို့လည်း အထိနာနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly