တောင်ဆူဒန် စစ်ပွဲတွင် မုဒိမ်းကျင့်ရုံမက လူသားကို အတင်းစားခိုင်းခဲ့ဟု အာဖရိက သမဂ္ဂပြော

တောင်ဆူဒန် စစ်ပွဲတွင် မုဒိမ်းကျင့်ရုံမက လူသားကို အတင်းစားခိုင်းခဲ့ဟု အာဖရိက သမဂ္ဂပြော

ကုလသမဂ္ဂ၊ အောက်တိုဘာ-၂၉ ။                    ။ စစ်ပွဲပေါက်ကွဲဖြစ်ပွားလာသည့် ၂၀၁၃ခုနှစ်အကုန် နောက်ပိုင်းတွင် တောင်ဆူဒန်နိုင်ငံတွင် အစိုးရနှင့် သူပုန်တပ်ဖွဲ့များမှာ ဆိုးရွားပြင်းထန်သည့် အကြမ်းဖက်မှုမှုများကို ကျူးလွန်ခဲ့ကြသည်ဟု အာဖရိကန်သမဂ္ဂ (African Union-AU)က စွပ်စွဲပြောကြားခဲ့သည်။

စုံစမ်းရေးကော်မရှင်တစ်ခုက အဓိကအားဖြင့် အရပ်သားများကို သတ်ဖြတ်၊ နှိပ်စက်၊ နုတ်နုတ်စင်း၊ မုဒိမ်းကျင့်မှုများ ကျူးလွန်ခဲ့သည့် သက်သေအထာက်အထားများတွေ့ရှိထားသကဲ့သို့၊ အတင်းအဓမ္မ လူသားစားခိုင်းသည့် ကာလများပင် ရှိခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် စစ်ပွဲကာလအတွင်း မျိုးတုံးသတ်ဖြတ်မှုတော့ ကျူးလွန်ခြင်းမရှိခဲ့ဟု ဆိုသည်။ သို့ရာတွင် အစိုးရနှင့် သူပုန်များကြား ငြိမ်းချမ်းရေးသဘောတူညီချက်များ အကြိမ်ကြိမ်ကျိုးပြတ်မှုနှင့်အတူ အခြေအနေမှာ တင်းမာနေလျှက်ပင် ရှိနေသေးသည်ဟု ဆိုသည်။

လွန်ခဲ့သည့်၂နှစ် ပြည်တွင်းစစ် စတင်ဖြစ်ပွားလာကတည်းက ယခုအချိန်အထိ လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးခဲ့ကြရပြီဖြစ်ပြီး လူပေါင်းနှစ်သန်းခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရလျှက်ရှိသည်။   

အာဖရိကသမဂ္ဂ၏ အစီရင်ခံစာတွင် စစ်ပွဲတွင် မပါဝင်သည့် အရပ်သားများကို ကျူးလွန်သည့် ရက်ရက်စက်စက်သတ်ဖြတ်မှု၊ အမျိုးသမီးများကို ပြန်ပေးဆွဲမှု၊ လိင်အကြမ်းဖက်မှုများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။  

ဂျူဘာ၊ ဘော်၊ ဘင်တူနှင့် မာလာကယ်တို့တွင် အစိုးရနှင့် သူပုန် နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ကော်မရှင်က ယုံကြည်နေသည်ဟု ဆိုသည်။

မြို့တော်ဂျူဘာမှ မျက်မြင်သက်သေအချို့က ကော်မရှင်အဖွဲ့ဝင်များကို ပြောကြားရာတွင် စစ်သားများက ပြည်သူလူထုများကို လတ်လတ်ဆတ်ဆတ် အသတ်ခံထားရသူများ၏ သွေးကို သောက်ခိုင်းပြီး အသားကိုလည်း အဓမ္မ စားခိုင်းခဲ့သည်ဟု ဆိုသည်။

လူဆိုးများက ပူပူနွေးနွေးအသတ်ခံထားရသူများ၏ သွေးကို ဖောက်ထုတ်ကာ တိုင်းရင်းသားများကို အတင်းအဓမ္မ သောက်ခိုင်းခဲ့ပြီး မီးမြိုက်ထားသော လူသားများကိုလည်း အဓမ္မ စားခိုင်းနေသည်ကို မြင်ခဲ့ကြရကြောင်း မျက်မြင်သက်သေအချို့က ပြောကြားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်မှုကျူးလွန်သူများကို တရားဥပဒေရှေ့မှောက်သို့ အရောက်ဆောင်ကျဉ်းလာရန် နိုင်ငံတကာကျောထောက်နောက်ခံပြု အာဖရိက ရုံးတော်ကို ကော်မရှင်က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly