အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား

အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

အကယ်၍သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို ဆောင်ရွက်ရမယ့်အစား စိုးရိမ်စရာတွေပဲ တွေးနေမိတယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ အတွေးစတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာ စဉ်းစားလိုက်၊ သုံးသပ်လိုက်လုပ်နေတယ်ဆိုရင်တော့ အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်နေပါပြီ။

ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။

အစိုးရိမ်လွန်တဲ့ဝေဒနာ ခံစားနေရတဲ့အခါ ဘာတွေဖြစ်လာမလဲ

ကိစ္စတစ်ခုအကြောင်း ဒါမှမဟုတ် တစ်ဦးတစ်ယောက်အကြောင်းကို မတွေးရမနေနိုင်ဖြစ်လာမယ်။ ပြဿနာကိုအဖြေရှာရမယ့်အစား အတွေးထဲမှာပိတ်မိရင်း တစ်ဝဲဝဲတစ်လည်လည်ဖြစ်နေမယ်။

မကောင်းတဲ့အရာတစ်ခုခုဖြစ်လာပြီဆိုတာနဲ့ အဆိုးဆုံးကိုပဲတွေးကြောက်နေမယ်။

အရင်တုန်းကလုပ်ခဲ့တဲ့ အမှားတွေကို လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေထက်ပိုပြီး အာရုံရောက်နေမယ်။ အဆိုးမြင်တာတွေပဲများလာပြီးတော့ ဆုံးဖြတ်ချက်အမှားတွေပဲ ပြုလုပ်လာဖို့များပါတယ်။
ကိုယ့်ရဲ့နေ့စဉ်ပုံ မှန်လုပ်ငန်း ဆောင်တာတွေအပေါ်မှာ ကိစ္စသေးသေးလေးတွေကအစ အသေးစိတ်ပြန်စဉ်းစားပြီး လူအများနဲ့ဆက်ဆံတဲ့အပြုအမှုတွေကို ထပ်တလဲလဲပြန်စဉ်းစားနေတဲ့အတွက် အချိန်ကုန်၊ အလုပ်မပြီးတာတွေဖြစ်လာတတ်ပါတယ်။

စိုးရိမ်ပူပန်တာတွေနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ကိုယ်တကယ်လုပ်ရမယ့် အရာတွေမပြီးမြောက်တော့တာတွေဖြစ်လာပါတယ်။
    ဒါ့အပြင် စိုးရိမ်လွန်သူတွေဟာ ညအိပ်ချိန်တွေမှာ အတွေးလွန်နေတတ်တဲ့အတွက် အိပ်ချိန်ပုံမမှန်တာတွေ၊ စားသောက်ချိန်မမှန်တာတွေလည်းဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာပြီဖြစ်တဲ့အတွက် ဆရာဝန်နဲ့တွေ့ဆုံပြီး သင့်တော်တဲ့ ဆွေးနွေးမှု ကုသမှုတွေပြုလုပ်သင့်ပါတယ်။

အစိုးရိမ်လွန်နေကြောင်းသိရှိနိုင်မည့် လက္ခဏာ ၁၀ချက်

    ၁။ ဖြစ်ခဲ့ပြီးသား အကြောင်းအရာတစ်ခုခုကို ထပ်ခါထပ်ခါတွေးမိနေခြင်း။
    ၂။ အိပ်ဖို့ကြိုးစားပေမယ့် ဦးနှောက်ကအလိုအလျောက်အတွေးမသတ်နိုင်ခြင်း။
    ၃။ ‘ အကယ်၍များ’ ဆိုတဲ့အတွေးတွေကို တစ်ချိန်လုံး ကိုယ့်ကိုကိုယ်ပြန်မေးနေမိခြင်း။
    ၄။ ကိုယ်နဲ့ဆက်ဆံရတဲ့သူတွေ သာမာန်အတိုင်း ပြောလိုက်တဲ့စကားတွေ၊ အပြုအမှုတွေရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တွေရှိနေဦးမလားဆိုပြီး အမြဲလိုလို လိုက်လံတွေးတောနေမိခြင်း။
    ၅။ ပြောဆိုဆက်ဆံခဲ့တဲ့ စကားလုံးတွေအပေါ်ပြန်ပြန်တွေးပြီး မပြောခဲ့ရတာတွေ၊ ပြောလိုက်မိတာတွေအတွက် အကြိမ်ကြိမ်တွေးပူနေမိခြင်း။
    ၆။ ပြုခဲ့ပြီးတဲ့အမှားတွေကို အမြဲတစေတွေးတောမိပြီး ပူပန်နေခြင်း။
    ၇။ တစ်စုံတစ်ယောက်က ကိုယ်မကြိုက်တဲ့အရာတွေကို မတော်တဆပြုလိုက်မိတဲ့အခါ ထုတ်မပြောဘဲ စိတ်ထဲမှာအကြိမ်ကြိမ်ပြန်တွေးတောပြီး မကျေမနပ်ဖြစ်နေခြင်း။
    ၈။ တစ်ခါတစ်လေ ပြီးခဲ့တဲ့အရာတွေ ဒါမှမဟုတ် မဖြစ်လာသေးတဲ့အရာတေ်အကြောင်းနက်နက်နဲနဲ စဉ်းစားနေတဲ့အတွက် ကိုယ့်ဘေးနားဝန်းကျင်မှာ ဖြစ်ပျက်သွားတဲ့အရာတွေကို လုံးသတိမထားမိခြင်း။
    ၉။ ကိုယ်ဘာမှလုပ်လို့မရတော့တဲ့ အရာတွေအပေါ်တွေးပူရင်း အချိန်တွေကုန်သွားခြင်း။
    ၁၀။ အချိန်ပြည့်ပူပန်နေရခြင်းမှ ရုန်းမထွက်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

အကယ်၍များ အပေါ်ကအချက်တွေတော်တော်များများနဲ့ သင့်မှာကိုက်ညီနေပြီဆိုရင်တော့ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေဆီကိုပြန်လည်ရောက်ရှိအောင်သွားနိုင်ဖို့အရေးကြီးပါတယ်။

ကိုယ်ရဲ့ ဖြစ်တည်မှုတွေအပေါ် အကောင်းမြင်စိတ်နဲ့ စိတ်တည်ငြိမ်အောင်ကြိုးစားသင့်သလို ပြဿနာတွေအပေါ် ရှုမြင်တဲ့အမြင်ကိုလည်းပြောင်းလဲဖို့ကြိုးစားသင့်ပါတယ်။ ဒါနဲ့မလုံလောက်ပဲ မပျောက်ကင်းနိုင်ရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly