မြောက်ကိုရီးယားအစိုးရမှာ နိုင်ငံသားများကို ပြည်ပတွင် အဓမ္မအလုပ်ခိုင်းစေနေဟု ကုလစုံစမ်းစစ်ဆေးရေးမှူးပြော

မြောက်ကိုရီးယားအစိုးရမှာ နိုင်ငံသားများကို ပြည်ပတွင် အဓမ္မအလုပ်ခိုင်းစေနေဟု ကုလစုံစမ်းစစ်ဆေးရေးမှူးပြော

ကုလသမဂ္ဂ၊ အောက်တိုဘာ-၂၉ ။               ။ ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တစ်လုံးခြား ရှောင်ကွင်းပြီး ခန့်မှန်းခြေ ကန်ဒေါ်လာ ၁.၂ဘီလျံနှင့် ၂.၃ဘီလျံကြား   နိုင်ငံခြားဝင်ငွေ ရရှိရန်အတွက် သောင်းနှင့်ချီသည့် မြောက်ကိုရီးယားနိုင်ငံသားများကို အဓမ္မအလုပ်ခိုင်းစေမှုသဘောသက်ရောက်သည့် အခြေအနေဖြင့် နိုင်ငံရပ်ခြားသို့ စေလွှတ်နေသည်ဟု ကုလ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက အောက်တိုဘာလ ၂၈ရက်နေ့က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မာဇူကီ ဒါရပ်စ်မန်းက ကုလ အထွေထွေညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ပြောကြားရာ၌ နိုင်ငံရပ်ခြားတွင် လုပ်ကိုင်နေသည့်   မြောက်ကိုရီးယား အလုပ်သမားများမှာ ကျပ်တည်းကျဉ်းမြောင်းသည့် စီးပွားရေးအခြေအနေကို ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားနိုင်ငံအတွက် ဝင်ငွေအရင်းမြစ်အသစ်တစ်ခုဖြစ်လာနေသည်ဟု ဆိုသည်။

မြောက်ကိုရီးယားအစိုးရမှာ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး အဓမ္မအလုပ်ခိုင်းစေမှုကို ပိတ်ပင်ထားသည့် အရပ်သားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း ဒါရပ်စ်မန်းက စွပ်စွဲခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားအလုပ်သမားများကို ငှားရမ်းသည့် ကုမ္ပဏီများမှာလည်း လက်ခံနိုင်ဖွယ်ရာမရှိသည့် အဓမ္မခိုင်းစေမှုစနစ်တစ်ခုတွင် ကြံရာပါများ ဖြစ်လာနေသည်ဟုလည်း ဒါရပ်စ်မန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် မြောက်ကိုရီးယားအလုပ်သမား ၅၀၀၀၀ကျော်မှာ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ သတ္တုတွင်း၊ သစ်ခုတ်၊ အထည်အလိပ်နှင့် ေ   ဆာက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လျှက်ရှိပြီး အရေအတွက်မှာ တစ်နေ့တစ်ခြား မြင့်တက်လာနေလျှက်ရှိသည်ဟု ဆိုသည်။

အများစုမှာ တရုတ်နှင့် ရုရှနိုင်ငံများတွင် လုပ်ကိုင်လျှက်ရှိပြီး အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတွင်လည်း လုပ်ကိုင်လျှက်ရှိသည်ဟု ဆိုသည်။ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ ကမ္ဘောဒီးယား၊ အီကွေတိုရီယယ် ဂီနီ၊ အီသီယိုပီးယား၊ ကူဝိတ်၊ လစ်ဗျား၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ အိုမန်၊ ပိုလန်၊ ကာတာနှင့် ယူအေအီးနိုင်ငံများ တွင်လည်း   မြောက်ကိုရီးယားနိုင်ငံသား အလုပ်သမားများရှိနေသည်ဟု ဆိုသည်။

အပယ်ခံအာရှနိုင်ငံမှ အလုပ်သမားများမှာ ပျမ်းမျှ တစ်လ ကန်ဒေါ်လာ ၁၂၀-၁၅၀မျှလောက်ဖြင့် ၀၀လင်လင်မစားရဘဲ တစ်လလုံးနေမှ နားရက် တစ်ရက်နှစ်ရက်မျှသာ ရရှိကြကာ တစ်ရက် နာရီ၂၀နှင့်အထက်အထိ အလုပ်လုပ်နေကြရသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက သတင်းပို့လာသည်ဟု ဒါရပ်စ်မန်းက ပြောကြားခဲ့သည်။ ကုမ္ပဏီများက မြောက်ကိုရီးယားအစိုးရအား အတော်အတန်မြင့်မားသော ငွေပမာဏကို ပေးကြရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အရပ်ဖက်အဖွဲ့အစည်းများကို တွေ့ဆုံမေးမြန်းထားသည့် အလုပ်သမားဟောင်းများ၏ ပြောကြားချက်အရ အလုပ်သမား၏ နိုင်ငံက သတ်မှတ်ပေးထားသည့် လူမှုရေးအဆင့်အတန်းအလိုက် အလုပ်တာဝန်များ သတ်မှတ်ပေးပြီး အဆင့်အတန်းနိမ့်သူများကို အန္တရာယ်အကြီးဆုံးနှင့် အပင်ပန်းဆုံးအလုပ်များကို ခိုင်းစေလေ့ရှိသည်ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် အစိုးရ၏ စည်းမျဉ်းများနှင့် ထုံးနည်းဥပဒေများကို လိုက်နာမှု ရှိမရှိကိုလည်း မြောက်ကိုရီးယားအစိုးရက မျက်ခြည်မပြတ် စောင့်ကြည့်နေသည်ဟုလည်း အလုပ်သမားဟောင်းများက ပြောကြားခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်မေလက ပြည်တွင်းအလုပ်သမားဥပဒေများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့သည်ဟုဆိုကာ အလုပ်သမားအားလုံး၏ တစ်ဝက်နီးပါးဖြစ်သည့် မြောက်ကိုရီးယားအလုပ်သမား အယောက်၉၀ကို အလုပ်ထုတ်ပစ်ခဲ့သည့် ကာတာမှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုမူ ဒါရပ်စ်မန်းက ချီးကျူးခဲ့သည်။ အမည်မဖော်သည့် ထိုကုမ္ပဏီ၏ ပြောကြားချက်အရ ကြီးကြပ်ရေးမှူးများက ၎င်းတို့အား တစ်ရက်လျှင် ၁၂နာရီ အလုပ်လုပ်ရန် အဓမ္မခိုင်းစေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly