ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် ထိုင်းစစ်သားက ပစ်ခတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် ထိုင်းစစ်သားက ပစ်ခတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

(Updated) ထိုင်းနိုင်ငံမှာ လူ ၂၆ ဦးထက်မနည်းသေဆုံးတဲ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမားဟာ ကြွေးမြီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုကြောင့် ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အဆိုပါ ထိုင်းသေနတ်သမား ပစ်ခတ်မှု ကျူးလွန်ရခြင်း အကြောင်းရင်းနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယခုအခါ ပထမဆုံး ထုတ်ဖော်သွားတာ ဖြစ်ပါတယ်။

အဆိုပါ သေနတ်သမားဟာ ယမန်နေ့က ပစ်ခတ်မှုကို ကျူးလွန်ပြီး ခိုရတ်လို့ သိကြတဲ့ နက်ခွန် ရက်ချာဆီမာမြို့က စျေးဝယ်စင်တာတစ်ခုမှာ ပုန်းခိုနေခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ညက အပြန်အလှန် ပစ်ခတ်မှုတွေ၊ ပိတ်မိနေတဲ့ စျေးဝယ်သူတွေ စျေးဝယ်စင်တာထဲကနေ တရကြမ်းထွက်ပြေးခဲ့ရမှု ဖြစ်စဉ်တွေ နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာတော့ အဆိုပါ သေနတ်သမားကို အသေပစ်သတ်ရှင်းလင်းခဲ့ရပါတယ်။

ယင်းပစ်ခတ်မှုဖြစ်စဉ်မှာ အရပ်သားတွေအပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ ဝန်ကြီးချုပ်  ချန်အိုချာက ပြောပါတယ်။

“ ဒီဖြစ်စဉ်က နိုင်ငံမှာ ကြုံတောင့်ကြုံခဲ ဖြစ်စဉ်ပါ၊ ဒီလိုဖြစ်စဉ်မျိုး နောက် ထပ်မဖြစ်ဖို့ပဲ ကျွန်တော် မျှော်လင့်မိပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။

ပစ်ခတ်မှုကျူးလွန်သူ သေနတ်သမားကတော့ ထိုင်းစစ်တပ်ရဲ့ တပ်ကြပ်အဆင့်ရှိ ဂျကရာပန်သ် သွန်မာအမည်ရစစ်သားတစ်ဦး ဖြစ်ပါတယ်။

အဆိုပါ စစ်သား ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းအတွက် အိမ်အရောင်းအဝယ်ကိစ္စတစ်ခုနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုအပေါ် ပရာယွတ်က ပြစ်တင်သွားခဲ့ပါတယ်။


နက်ခွန် ရက်ချာဆီမာမှာ ပစ်ခတ်မှုကြောင့် သေနတ်သမားအပါအဝင် ၂၇ ဦး သေဆုံး

အသက် ၃၂ နှစ်အရွယ် ဂျကရာပန်သ် သွန်မာလို့ အမည်ရ ထိုင်းစစ်သားဟာ Korat လို့ လူသိများတဲ့ နက်ခွန် ရက်ချာဆီမာရဲ့ မြို့ထဲမှာ M60 စက်သေနတ်နဲ့ ပစ်ခတ်အပြီးမှာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး လူ ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ နက်ခွန် ရက်ချာဆီမာရှိ Terminal 21 စျေးဝယ်စင်တာမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့က ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ထိုင်းစစ်သား သွန်မာဟာ "ပုဂ္ဂိုရေး ပြဿနာ"ကြောင့် အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်က တနင်္ဂနွေနေ့က ပြောဆိုသွားပါတယ်။

သွန်မာဟာ ရဲတပ်ဖွဲ့ရဲ့ အသေမပစ်သတ်ခင် စျေးဝယ်စင်တာမှာ နာရီပေါင်း ၁၅ နာရီဝန်းကျင်အတွင်း လူတွေ (အရေအတွက် မသိရ)ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly