မွန်အမျိုးသားနေ့အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သဝဏ်လွှာပေးပို့

မွန်အမျိုးသားနေ့အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သဝဏ်လွှာပေးပို့

 ဖေဖော်ဝါရီ ၉ ။                  ။  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဠ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၉ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပနေသည့် မွန်အမျိုးသားနေ့ အခမ်းအနားသို့ မတက်ရောက်နိုင်သော်လည်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ခုနှစ် တပိုတွဲလပြည့်ကျော် ၁ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီးချိန်မှစ၍  မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပလာခဲ့သည်မှာ ၇၃ကြိမ်ရှိပြီ ဖြစ်သည်။

မွန်အမျိုးသားနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာတွင် နှစ်ပေါင်း ၇၀အတွင်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် တိုင်ရင်းသား များအကြား စည်းလုံးမှုမတည်ဆောက်နိုင်ခဲ့ရာမှ  ငြိမ်းချမ်းရေးနှင့်  အလှမ်းဝေးခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရကြောင်း ဖော်ပြထားသည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်နေချိန်တွင် မွန်ပြည်သစ်ပါတီသည် ၂၀၁၈ခုနှစ်မှ စတင်ကာ နိုင်ငံရေးဆွေးနွေးမှု ဖြစ်စဉ်တစ်လျှောက် တက်ကြွစွာ ပါဝင်လာမှုကို အားရမိကြောင်း ထည့်သွင်းရေးသားထားသည်။

မွန်အမျိုးသားများအနေဖြင့် ယခု (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသမယမှ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ လက် တွဲကာ ညီညွတ်တက်ကြွစွာ ဆက်လက် ပါဝင်နိုင်ပါစေကြောင်း၊ မွန်ပြည်နယ်နှင့် နေရာဒေသအသီးသီးတွင် နေထိုင်သည့် မွန်လူမျိူးများ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ပိုင်ဆိုင်နိုင်ပါစေကြာင်း ဒေါ်အောင်ဆန်းစုကြည်မှ ဆုမွန်ကောင်းတောင်းလျှက် သဝဏ်လွှာ ပေးပို့ခဲ့သည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်မှာ ကျင်းပလျှက်ရှိပြီး ယနေ့မနက် အစောပိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ နိုင်ငံတော်အလံ၊ မွန်အမျိုးသားအလံလွှင့်တင်ပြီး ကျဆုံးခဲ့သော  မွန်တိုင်းရင်းသားခေါင်းဆောင်တွေကို အလေးပြုခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly